“ပြည်သူများကရွေးချယ်ပေးခဲ့သည့် ရွေးကောက်ခံကိုယ်စားလှယ်များ ပေါ်ထွက်လာပြီ၍ ဧပြီလတွင် ထွက်ပေါ် လာမည့်အစိုးရကို နိုင်ငံတော်အာဏာထမ်းဆောင်နိုင်ရန် လွှဲပြောင်းပေးနိုင်မည်”
11 Mar
ပြည်သူများကရွေးချယ်ပေးခဲ့သည့် ရွေးကောက်ခံကိုယ်စားလှယ်များ ပေါ်ထွက်လာပြီ၍ ဧပြီလတွင် ထွက်ပေါ် လာမည့်အစိုးရကို နိုင်ငံတော်အာဏာထမ်းဆောင်နိုင်ရန် လွှဲပြောင်းပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။ မတ်လ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်မှုနဲ့ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကို ၂၀၂၃ ခုနှစ်တွင် စတင်ခွင့်ပြုဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံရေးပါတီများ အနေနဲ့ ပြင်ဆင်ချိန် ၃ နှစ်ခန့်အထိရှိခဲ့ပြီး ပါတီဝင်ဦးရေတိုးပွားရေးအတွက်လည်း ပါတီဝင် စည်းရုံးရေးလုပ်ငန်းများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုပေးထားခဲ့ပါတယ်။ ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင် သည့် ပါတီ ၆ ပါတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကိုယ်စားပြုယှဉ်ပြိုင်သည့်ပါတီ ၅၁ ပါတီ၊ စုစုပေါင်း နိုင်ငံရေးပါတီ ၅၇ ပါတီပါဝင်ခဲ့ပြီး အဆိုပါနိုင်ငံရေးပါတီများ တည်ထောင်၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် စေခြင်းဖြင့် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ပိုမိုခိုင်မာစေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းစလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းကျော်အနက် မဲပေးခဲ့သည့်အရေအတွက်မှာ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့ပြီး မဲပေးမှုရာခိုင်နှုန်းအနေနဲ့ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရပါတယ်။ ရွေးကောက်ပွဲကျင်းပစဉ်အတွင်း နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ မီဒီယာများ လာရောက်လေ့လာခြင်း၊ သတင်းရယူခြင်းများဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲမစတင်မီ မမှန်မကန်စွပ်စွဲချက်များ ရှိသော်လည်း ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီး၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ တစ်ရပ်အား အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် ပြည်သူများကရွေးချယ်ပေးခဲ့တဲ့ ရွေးကောက်ခံကိုယ်စားလှယ် များ ပေါ်ထွက်လာပြီဖြစ်လို့ ယခုမတ်လထဲတွင် လွှတ်တော်အစည်းအဝေးများကို ကျင်းပခြင်းနှင့်အတူ ဧပြီလတွင် ထွက်ပေါ်လာမည့်အစိုးရကို နိုင်ငံတော်အာဏာထမ်းဆောင်နိုင်ရန် လွှဲပြောင်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS-004)