“အစ္စရေးနှင့်အမေရိကန်အခြေစိုက်စခန်းများကို လိုအပ်သည့်အချိန်အထိ ဒုံးကျည်များဖြင့် ဆက်လက်တိုက်ခိုက် ရန်အသင့်ရှိဟု အီရန်ပြော”
11 Mar
အီရန်နိုင်ငံအနေဖြင့် အစ္စရေးနှင့် အနောက်အာရှဒေသရှိ အမေရိကန်အခြေစိုက်စခန်းများကို လိုအပ်သည့် အချိန်အထိ ဒုံးကျည်များဖြင့် ဆက်လက်တိုက်ခိုက်သွားရန် အသင့်ရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေးယက် အာဘတ်အာရတ်ချီ က မတ်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။ အမေရိကန်နှင့်အစ္စရေးတို့က လက်ရှိလုပ်ဆောင်နေသည့် အီရန်ဒုံးကျည်စက်ရုံများအပေါ် တိုက်ခိုက်မှုများ သည် အီရန်နိုင်ငံ၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကို ရပ်တန့်နိုင်ခြင်းမရှိကြောင်းနှင့် အီရန်က လိုအပ်သည့် အချိန်အထိ အစ္စရေးနှင့်အမေရိကန်တို့အား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အာရတ်ချီက အမေရိကန်သတင်းဌာန တစ်ခုဖြစ်သည့် PBS News နှင့်လုပ်ဆောင်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်နှင့်အစ္စရေးတို့တွင် လက်တွေ့ကျသော စစ်ပွဲအဆုံးသတ်ဗျူဟာမရှိကြောင်း၊ ယင်းနိုင်ငံ များသည် အီရန်နိုင်ငံ၏ လူနေရပ်ကွက်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် အခြေခံအဆောက်အဦများအပေါ် ပစ်မှတ်ထားနေခြင်းမှာ အလွန်အန္တရာယ်များသောလုပ်ရပ်ဖြစ်ကြောင်း အာရတ်ချီက ထပ်လောင်းပြောကြားထားသည်။ ထို့ကြောင့် အမေရိကန်နှင့် ပြန်လည်ဆွေးနွေးညှိနှိုင်းရန်မှာ ရွေးချယ်စရာနည်းလမ်းမဟုတ်ကြောင်း၊ ကမ္ဘာ့ စွမ်းအင်ဈေးနှုန်းမြင့်တက်လာခြင်းမှာ အီရန်အပေါ် အမေရိကန်နှင့်အစ္စရေးတို့၏ ကျူးကျော်မှုကြောင့် ဒေသတွင်း ရေနံထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်မှုများ နှေးကွေးခြင်း သို့မဟုတ် ရပ်တန့်သွားခြင်းကြောင့်ဖြစ်ကြောင်း၊ အီရန် အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားခြင်းမရှိသည့်အပြင် သင်္ဘောများဖြတ်သန်းသွားလာမှုကိုလည်း တားဆီးနေခြင်းမရှိကြောင်း အာရတ်ချီ က တုံ့ပြန်ပြောကြားထားသည်။