“၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုနှစ်မှုကို စတင်ကြားနာစစ်ဆေး”
11 Mar
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်၊ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် နှင့် အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ ၂၅ ရက်မှာ အောင်မြင်စွာကျင်းပပေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) အတွက် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ပုဒ်မ ၆၈ နှင့် နည်းဥပဒေ ၁၁၂ တို့အရ တင်သွင်းလာတဲ့ ကန့်ကွက်လွှာအမှုနှစ်မှုကို စတင်ကြားနာစစ်ဆေးခဲ့ပါတယ်။ အဆိုပါအမှုများကို ကြားနာစစ်ဆေးနိုင်ရန် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၉ (က) (၁) အရ ၂၃-၂-၂၀၂၆ ရက်စွဲပါ အမိန့်အမှတ်၊ ၁/၂၀၂၆ နှင့် အမိန့်အမှတ်၊၂/၂၀၂၆ တို့နဲ့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကျန်ကော်မရှင်အဖွဲ့ဝင်နှစ်ဦးပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့(၁)နှင့် ရွေးကောက်ပွဲခုံအဖွဲ့(၂) တို့ကို ဖွဲ့စည်းခဲ့ပါတယ်။ မတ်လ ၁၀ ရက်မှာ ရွေးကောက်ပွဲခုံအဖွဲ့ (၁) က ကန့်ကွက်လွှာအမှုအမှတ် (၁/၂၀၂၅)၊ လျှောက်ထားသူ ဒေါက်တာ ကောင်းထက်ခိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)နှင့် လျှောက်ထားခံရသူ ဦးပေါင်ဇလန်း (ဇိုမီးအမျိုးသားပါတီ)အမှုနှင့် ရွေးကောက်ပွဲခုံအဖွဲ့(၂)က ကန့်ကွက်လွှာအမှုအမှတ် (၂/၂၀၂၅)၊ လျှောက်ထားသူ ဦးဝင်းကြူ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)နှင့် လျှောက်ထားခံရသူ ဦးခိုင်ဦး (ပြည်သူ့ပါတီ) အမှုတို့ကို စတင်ကြားနာစစ်ဆေးကြောင်း သိရပါတယ်။ (NVS 004)