“စက်သုံးဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ပုံး၊ ပေပါများနဲ့ ရောင်းချခြင်းမပြုလုပ်ရန် ညွှန်ကြား”

11 Mar

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီရောင်းချမှုများကို စနစ်တကျထိန်းညှိနိုင်ရန်အတွက် မတ်လ ၇ ရက် နံနက်ပိုင်းမှစတင်၍ ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များကို ယာဉ်နံပါတ်အလိုက် စုံ/မ ရက်စနစ်နဲ့ စက်သုံးဆီဝယ်ယူခွင့် သတ်မှတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ သိရပါတယ်။ ထိုစနစ်အရ လစဉ် “စုံ” ရက်များမှာ ယာဉ်နံပါတ်အက္ခရာ စုံနံပါတ်ဖြစ်တဲ့ မော်တော်ယာဉ်များ (ဥပမာ 2A/— ၊ 4A/— စသည်) ကို စက်သုံးဆီဝယ်ယူခွင့်ပြုမည်ဖြစ်ပြီး “မ” ရက်များတွင် မနံပါတ်အက္ခရာပါသော ယာဉ်များ (ဥပမာ 1A/— ၊ 3A/— စသည်) ကို ဝယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူ ပို့ဆောင်ရေးယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်များ၊ နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်သာယာရေး အမှိုက်သိမ်းယာဉ်များကို နေ့စဉ်စက်သုံးဆီရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများအတွက် ဝန်ထမ်းကြို/ပို့ယာဉ်များ၊ ရုံးလုပ်ငန်းသုံးယာဉ်များနှင့် ကုန်စည်ဖြန့်ဖြူးရေးတွင် အသုံးပြုသည့်ယာဉ်များကိုလည်း သက်ဆိုင်ရာ အထောက်အထားများနှင့် ထောက်ခံချက် များအပေါ်အခြေခံ၍ စိစစ်ကာ စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ စက်သုံးဆီအရောင်းဆိုင်များအနေနဲ့ စက်သုံးဆီများကို သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းသာ ရောင်းချရ မည်ဖြစ်ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန် ညွှန်ကြားထားပါတယ်။ ဆက်လက်ပြီး အရောင်းဆိုင်များမှ ပုံး၊ ပေပါများနဲ့ ရောင်းချခြင်းမပြုလုပ်ရဘဲ အခြားလုပ်ငန်းသုံးများအတွက် ရောင်းချရာမှာ သက်ဆိုင်ရာအလုပ်ဌာနများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ စိစစ်ထောက်ခံချက်နဲ့သာ ရောင်းချပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ နေ့စဉ်အသုံးပြုနေသည့် မော်တော်ယာဉ်များအနေဖြင့်လည်း သက်ဆိုင်ရာ အလုပ်ဌာနများ၏ ခိုင်လုံသည့် အထောက်အထားနှင့် ထောက်ခံချက်များ ပါရှိရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာနက အသိပေးထားပါတယ်။ (NVS 004)

11 Mar

ADVERTISE HERE .