“မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့တဲ့ ဆင်သေရေလှောင်တမံ အခိုင်အမာပြုပြင်နေ”
11 Mar
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့တဲ့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မယ်ဇလီကျင်းကျေးရွာအနီးရှိ ဆင်သေရေလှောင်တမံကို အခိုင်အမာပြုပြင်နေကြောင်း သိရပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က တာဝန်ရှိသူများ နှင့်အတူ မတ်လ ၇ ရက်က မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့တဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် မယ်ဇလီကျင်းကျေးရွာအနီးရှိ ဆင်သေရေလှောင်တမံအခိုင်အမာပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေး ခဲ့ပါတယ်။ ရေလှောင်တမံပြန်လည်ပြုပြင်ရာမှာ ပိုမိုခိုင်ခံ့ပြီး ရေရှည်လုံခြုံစိတ်ချနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်း များအတိုင်း အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေးအထူးအလေးထားဆောင်ရွက်ကြရန်၊ ရေလှောင်တမံနှင့် ရေပိုလွှဲတို့၏ ကြံ့ခိုင်ရေးကို Dam Monitoring စောင့်ကြည့်တိုင်းတာစစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ပြောကြားခဲ့ပါတယ်။ နွေစပါးအပါအဝင် အခြားနွေသီးနှံလျာထား စိုက်ဧကများအတိုင်း လုံလောက်စွာ စိုက်ပျိုးရေပေးဝေနိုင်ရေး စီမံနေခြင်း ဖြစ်ပါတယ်။ ဆင်သေရေလှောင်တမံက ဒေသခံတောင်သူများ ရာသီအလိုက် နွေစပါး၊ မိုးစပါးနှင့် အခြား သီးနှံများ အချိန်မီအောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ်စိုက်ပျိုးရေလုံလောက်စွာ ဖြန့်ဝေပေးလျက် ရှိတဲ့ ရေလှောင်တမံတစ်ခုဖြစ်ပါတယ်။ ဆင်သေရေလှောင်တမံအနေနဲ့ ယခု ၂၀၂၅-၂၀၂၆ နွေသီးနှံရာသီမှာ နွေစပါးနှင့် နွေအခြားသီးနှံလျာထား ဧကပေါင်း ၁၁,၅၈၀ ရှိတဲ့အနက် ယနေ့အထိ နွေစပါး ၅,၃၇၉ ဧကကို စိုက်ပျိုးရေပေးဝေ ထားရှိပြီး ကျန်ဧကများကို စိုက်ပျိုးရေဆက်လက်ပေးဝေလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)