“သက်ကြီးပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ”
11 Mar
သက်ကြီးပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲမှရရှိလာမည့် အကြံပြုချက်များနှင့် ဆွေးနွေးချက်များကို အခြေခံ၍ သက်ကြီးပုဂ္ဂိုလ်များစောင့်ရှောက်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များ ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားခဲ့ပါတယ်။ သက်ကြီးပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၉ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော်အမရာဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲများကို နေပြည်တော်၌ တတိယအကြိမ်အဖြစ်ကျင်းပခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်မှာ ရန်ကုန်မြို့၌လည်းကောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၄ ရက်မှာ မန္တလေးမြို့၌ လည်းကောင်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ သက်ကြီးပုဂ္ဂိုလ်များ စောင့်ရှောက်ရေးလုပ်ငန်းများကို ဘိုးဘွားရိပ်သာ အခြေပြုစောင့်ရှောက်ခြင်း၊ ရပ်ရွာအခြေပြုစောင့်ရှောက်ခြင်းနှင့် နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာများ ဖွင့်လှစ် စောင့်ရှောက်ခြင်းစသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)