အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု မည်သည့်အခါတွင် အဆုံးသတ်မည်နှင့်စပ်လျဉ်း၍ ထရမ့် က အမြန်ဆုံး အဆုံးသတ်မည်ဖြစ်သော်လည်း ယခုသီတင်းပတ်အတွင်း မဖြစ်နိုင်ဟုဆို
10 Mar
အီရန်အပေါ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများက အမြန်ဆုံး အဆုံးသတ်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့် က ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့တွင် မတ်လ ၉ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ယခုသီတင်းပတ်အတွင်း အဆုံးသတ်နိုင်မည်လားဟု မေးမြန်းရာတွင် ထရမ့် က မဖြစ်နိုင်ဘူးဟု ပြန်လည်းဖြေကြားခဲ့သည်။ ယင်းနေ့ညနေပိုင်းတွင် CBS သတင်းထောက်၏ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှု၌ ထရမ့် က အီရန်အပေါ် စစ်ရေးဆင်နွှဲမှုအခြေအနေမှာ အလွန်ပင် ပြည့်ပြည့်ဝဝရှိခဲ့ပြီးသည်ဟု ၎င်းအနေဖြင့်ယူဆကြောင်း ပြောကြားခဲ့သည်။ အီရန်သည် ယခုအခါ ရေတပ်မရှိ၊ ဆက်သွယ်ရေးအဆောက်အဦမရှိ၊ လေတပ်မရှိ၊ ဒုံးကျည်လက်ကျန် သိပ်မရှိ၊ ဒရုန်းနဲ့ ဒရုန်းတည်ဆောက်တဲ့စက်ရုံ ဖျက်ဆီးခံထားရတယ်၊ စစ်ရေးရှုထောင့်က ပြောမယ်ဆိုရင် သူတို့မှာ ဘာမှ မကျန်တော့ဘူးဟု ၎င်းက ပြောကြားခဲ့သည်။ အမေရိကန် စစ်တပ်က အီရန်၏ ပစ်မှတ် ၅,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီးဖြစ်သလို အီရန်ရေတပ်သင်္ဘော ၅၁ စင်းကိုလည်း နစ်မြုပ်အောင်ပစ်ခတ်ပြီး ဒုံးကျည်ပစ်ကိရိယာ ၉၀ ရာခိုင်နှုန်းကျော်နှင့် ဒရုန်းပစ်ကိရိယာ ၈၀ ရာခိုင်နှုန်း ကျော်ကို ဖျက်ဆီးခဲ့ကြောင်း ထရမ့် က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အရေးအကြီးဆုံးပစ်မှတ်အချို့ကို နောင်အတွက်ချန်ထားမယ်၊ ဒီပစ်မှတ်တွေက လျှပ်စစ်ဓာတ်အားထုတ်လုပ် မှုနဲ့ အခြားကဏ္ဍတွေနဲ့ သက်ဆိုင်တယ်ဟုလည်း ၎င်းက ခြိမ်းခြောက်ပြောကြားခဲ့သည်။ အီရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်အဖြစ် မို့ချ်တာဘာ ခါမေနီ ရွေးချယ်တင်မြှောက်ခံရခြင်းနှင့်စပ်လျဉ်း၍ ထရမ့် က မိမိအနေဖြင့်စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ထရမ့် က ၎င်းအနေဖြင့် အီရန်နိုင်ငံအတွင်းပိုင်းက ရွေးကောက်ခံကိုယ်စားလှယ်လောင်းတစ်ဦး အာဏာရစေရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ အီရန်နိုင်ငံတောင်ပိုင်းရှိ မိန်းကလေးစာသင်ကျောင်းကို Tomahawk ခရုဇ်ဒုံးကျည်ဖြင့် ဖျက်ဆီးခြင်းဖြစ်နိုင် ကြောင်းနှင့်စပ်လျဉ်း၍ အမေရိကန်အနေဖြင့် တာဝန်ယူမည်လောဟု မေးမြန်းခဲ့ရာတွင် ထရမ့် က Tomahawk ဒုံးကျည်ကို ရောင်းချထားပြီးဖြစ်ရာ အခြားနိုင်ငံကအသုံးပြုနေကြောင်း၊ အီရန်တွင်လည်း Tomahawk ဒုံးကျည်အချို့ ရှိကြောင်း၊ လက်ရှိတွင် ယင်းကိစ္စကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက်တွင် အီရန်တောင်ပိုင်း Minab မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းသည် အမေရိကန် နှင့် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုအတွင်း တိုက်ခိုက်မှုခံခဲ့ရသည်။ အီရန်မီဒီယာများ၏ မတ်လ ၁ ရက် သတင်းများအရ ယင်းမူလတန်းကျောင်းတွင် အနည်းဆုံး လူ ၁၆၅ ဦး သေဆုံးခဲ့ရာ ၎င်းတို့အနက် အများစုမှာ ၁၀ နှစ်ဝန်းကျင် မိန်းကလေးများဖြစ်ကြောင်း သိရသည်။ အမေရိကန် မီဒီယာအများအပြားက မတ်လ ၈ ရက်တွင် အွန်လိုင်း၌ ပို့စ်တင်ခဲ့သည့် ဗီဒီယိုအပိုင်းကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်များအရ Tomahawk ခရုဇ်ဒုံးကျည်တစ်စင်းသည် Minab မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းနံဘေးရှိ ရေတပ်အခြေစိုက်စခန်းကို ထိမှန်ခဲ့ကြောင်း၊ ယင်းပဋိပက္ခအတွင်း အမေရိကန်စစ်တပ်သည် ယင်းအမျိုးအစား ဒုံးကျည်ကို အသုံးပြုသည့် တစ်ခုတည်းသော စစ်ပွဲပါဝင်ဆင်နွှဲသည့် စစ်တပ်ဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)