“အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်း အမှတ်စဉ်(၁)ဖွင့်လှစ်”
10 Mar
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်တဲ့ အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၉ ရက်က အာကာသပြတိုက်(ရန်ကုန်)မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားတက်ရောက်ပြောကြား ခဲ့ပြီး မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင် မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ သင်တန်းတွင် အာကာသအေဂျင်စီမှ သင်တန်းနည်းပြ ၅ ယောက်ကျော်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာအဆင့်ရှိ Grade 9 / 10 / 11 မှ သင်တန်းသူ/သား ပေါင်း ၂၀၇ ယောက်ဖြင့် မတ်လ ၉ ရက် မှ ဧပြီလ ၃ ရက်ထိ အ.ထ.က (၂) ဒဂုံတွင် မနက် ၉ နာရီမှ ၁၂ နာရီထိ ၄ ပတ်ကြာ သင်တန်းပို့ချမည်ဖြစ်ကြောင်း အာကာသ အေဂျင်စီကနေ သိရပါတယ်။ ဒါ့အပြင် ယခုသင်တန်းက အမှတ်စဉ်(၁)ဖြစ်ပြီး နောက်နှစ်နွေရာသီကျောင်းပိတ်ရက် များမှာ နှစ်စဉ်ဖွင့်နိုင်ဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ အာကာသနဲ့ဆိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး ကျောင်းသား/ ကျောင်းသူတွေ စိတ်ဝင်စားလာအောင်နဲ့ ရည်မှန်းချက်တွေရှိလာအောင် အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပညာရပ်များ ဆက်လက်လေ့လာရာတွင် အထောက်အကူဖြစ်စေမည့် အခြေခံဗဟုသုတများ တည်ဆောက်ပေးရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)