“Online မှ ရထားလက်မှတ်ဝယ်ယူရာမှာ ရထားမထွက်ခွာမီ ၁၀ မိနစ်အထိ လက်မှတ်ဝယ်ယူနိုင်ပြီဖြစ်”

10 Mar

မြန်မာ့မီးရထားအနေနဲ့ အွန်လိုင်းမှ ရထားလက်မှတ်ရောင်းချခြင်းနှင့် ငွေပေးချေခြင်း (Online Railway Ticketing and Payment System – ORTP) စနစ်ဆောင်ရွက်လျက်ရှိရာမှာ ယခင်က ရထားမထွက်ခွာမီ မိနစ် ၃၀ အထိသာ ရထားလက်မှတ်များ ဝယ်ယူခွင့်ပြုထားခဲ့သော်လည်း ယခုအခါခရီးသွားပြည်သူများ ပိုမိုအဆင်ပြေချောမွေ့ စေရန်အတွက် အချိန်ကန့်သတ်ချက်ကို ရထားမထွက်မီ ၁၀ မိနစ်အထိ ပြင်ဆင်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အချိန်ကန့်သတ်ချက်ကို တိုးမြှင့်ပြင်ဆင်ပေးလိုက်ခြင်းကြောင့် ဘူတာရုံသို့ အနည်းငယ် နောက်ကျမှ ရောက်ရှိလာမည့် ခရီးသည်များနှင့် ရုတ်တရက်ခရီးသွားရန် အကြောင်းကိစ္စပေါ်လာသူများလည်း ရထားမထွက်မီ ၁၀ မိနစ်အထိ ORTP စနစ်ကနေ လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်ကြောင်း သိရပါတယ်။ ရထားလက်မှတ်များကို အွန်လိုင်းစနစ်ဖြင့် ဝယ်ယူလိုပါက မိမိတို့အသုံးပြုနေတဲ့ Browser တစ်ခုခုမှ တစ်ဆင့် ORTP Website Link ကို ဝင်ရောက်နိုင်တဲ့အပြင် သတ်မှတ်ထားသည့် QR Code ကို Scan ဖတ်၍ ဝင်ရောက်နိုင်ရန်အတွက်ကိုလည်း ဝန်ဆောင်မှုပေးထားကြောင်း၊ Website ၏ ပင်မစာမျက်နှာသို့ရောက်ရှိပါက မိမိသွားလိုသည့် ခရီးစဉ်ကို စတင်ရွေးချယ်၍ ORTP စနစ်နှင့်သက်ဆိုင်သည့် အသိပေးကြေညာချက်များနှင့် လိုက်နာရမည့် စည်းကမ်းချက်များအတိုင်း ခရီးစဉ်များကို ရွေးချယ်ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရပါတယ်။ ORTP စနစ်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ရန်ကုန်-မန္တလေး-ရန်ကုန် လူစီးအမြန်ရထားဖြစ်တဲ့ အမှတ်(၁၁)အဆန်/(၁၂)အစုန်၊ ရန်ကုန်-နေပြည်တော်-ရန်ကုန် DEMU အမြန်ရထားဖြစ်တဲ့ အမှတ်(၇)အဆန်/ (၈)အစုန်၊ (၃၁)အဆန်/(၃၂)အစုန် နှင့် မန္တလေး -နေပြည်တော်- မန္တလေး အမြန်ရထားဖြစ်တဲ့ အမှတ် (၂၇) အဆန်/(၂၈)အစုန် ရထားခရီးစဉ်များအတွက် အွန်လိုင်းမှလက်မှတ် ဝယ်ယူစီးနင်း နိုင်ရန် မြန်မာ့မီးရထားမှ ဝန်ဆောင်မှုပေးထားကြောင်း သိရပါတယ်။ (NVS 004)

10 Mar

ADVERTISE HERE .