“ဒလမြို့အထိမ်းအမှတ် နာရီစင်သစ်ကြီးမှာ ကျပ်သိန်း ၁၀၀ တန် ဆိုလာနာရီ ၄ လုံး တပ်ဆင်ထားရှိ”
10 Mar
ဒလမြို့နယ် ကမ်းနားကားကွင်း လက်မှတ်ရုံအနီးမှာ မြို့၏အထိမ်းအမှတ်အဖြစ် တည်ဆောက်လျက်ရှိတဲ့ နာရီစင်သစ်ကြီးမှာ ကျပ်သိန်း ၁၀၀ တန် ဆိုလာနာရီ ၄ လုံး တပ်ဆင်ပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။ အဆိုပါနာရီ အချိန်မှန်ကန်စေရန်အတွက် ဆိုလာစနစ်နဲ့ လည်ပတ်နိုင်အောင် မက်စ်မြန်မာက လှူဒါန်းထား ခြင်းဖြစ်ပါတယ်။ ဒလမြို့ရှိ နာရီစင်သစ်ကြီးကို ယခင်ရှိခဲ့တဲ့ နာရီစင်အဟောင်းကို ဖျက်သိမ်းကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထူးခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်တည်ဆောက်နေခြင်း ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း၏ ပထမအဆင့်ဖြစ်သည့် ကွန်ကရစ်လောင်းခြင်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ နာရီစင်သစ်ကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က တာဝန်ယူဆောက်လုပ်နေပြီး အောက်ခြေခုံတုံးအမြင့် ၃ ပေ၊ ခုံတုံးပေါ်မှ နာရီစင်အမြင့် ၄၀ ပေရှိကာ စုစုပေါင်း အမြင့် ၄၃ ပေရှိသည့် လေးဘက်မြင် နာရီစင်တစ်ခုဖြစ်ကြောင်း သိရပါတယ်။ (NVS 004)