“လောင်စာဆီဈေးနှုန်းကြီးမြင့်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် သီတင်းတစ်ပတ်လျှင်လေးရက်သာ အလုပ်လုပ် ကိုင်ရန် သတ်မှတ်”
10 Mar
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားသည့် ပဋိပက္ခ၏အကျိုးသက်ရောက်မှုအရ လောင်စာဆီဈေးနှုန်းကြီးမြင့်မှု ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် သီတင်းတစ်ပတ်လျှင်လေးရက်သာ အလုပ်လုပ်ကိုင်ရန်သတ်မှတ်လိုက်ကြောင်း သမ္မတ ဖာဒီနန်မားကို့စ်က ပြောကြားသည်။ အဆိုပါပဋိပက္ခ၏ စီးပွားရေးဆိုင်ရာထိခိုက်မှုများကို သက်သာစေရေးအတွက် ဆောင်ရွက်သည့်အနေဖြင့် အစိုးရရုံးများတွင် ၎င်းသတ်မှတ်ချက်ကို မတ်လ ၉ ရက်မှစတင်၍ အကောင်အထည်ဖော် သက်သာဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတ မားကို့စ် က ပြောကြားသည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းများကို ပြည်တွင်းသို့ အများဆုံးတင်သွင်းနေပြီး နိုင်ငံအတွင်းရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများမှာလည်း လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ရာတွင် လောင်စာဆီကို အားပြုသုံးစွဲနေရသည်။ ယင်းပဋိပက္ခသည် အရှေ့အလယ်ပိုင်းဒေသတွင် သွားရောက်အလုပ်လုပ်နေသည့် ဖိလစ်ပိုင် နိုင်ငံသား နှစ်သန်းကျော်၏ အလုပ်တည်မြဲရေးနှင့်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာကြောင်း သိရသည်။ အစိုးရဌာနများအနေဖြင့် လောင်စာဆီနှင့်လျှပ်စစ်သုံးစွဲခြင်းကို ၂၀ ရာခိုင်နှုန်းအထိလျှော့ချရန် ၎င်းက ညွှန်ကြားခဲ့သည်။ ရေနံစိမ်းဈေးနှုန်း ဆက်လက်မြင့်တက်လာပါက ရေနံထွက်ထုတ်ကုန်များအပေါ်တွင် အခွန်လျှော့ချ သည့်လုပ်ပိုင်ခွင့်ကို မိမိအားအပ်နှင်းရန်နှင့် လောင်စာဆီဆိုင်ရာ ကုန်ကျစရိတ်သက်သာစေရေးအတွက် သမားရိုးကျ လောင်စာဆီကို ဇီဝလောင်စာဆီနှင့် ရောစပ်သုံးစွဲခွင့်ပြုရေးအတွက် ဇီဝလောင်စာဆိုင်ရာဥပဒေကို ပြင်ဆင်ခွင့်ပြုရန် သမ္မတ က ကွန်ဂရက်အား ပန်ကြားခဲ့သည်။ ယခုဖြစ်ပွားသည့် ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသည့် လုပ်ငန်းကဏ္ဍ အားလုံးကို လောင်စာဆီထောက်ပံ့ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောကြား သည်။ သီတင်းတစ်ပတ်လျှင်လေးရက်သာ လုပ်ငန်းဆောင်ရွက်ရသည့် သတ်မှတ်ချက်သည် ယာယီသာဖြစ်ပြီး ၎င်းသတ်မှတ်ချက်တွင် မီးသတ်တပ်ဖွဲ့ဝင်နှင့်ရဲတပ်ဖွဲ့ဝင်များ အကျုံးမဝင်ကြောင်း VN Express သတင်းဌာန ဖော်ပြချက်အရ သိရသည်။