“ကမ္ဘာ့ဖလားမှာ လုံခြုံရေးအင်အား ၁ သိန်းအသုံးပြုရန် မက္ကဆီကိုစီစဉ်ထား”
09 Mar
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပူးတွဲအိမ်ရှင်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုက နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ရှုပ်ထွေးမှုတွေ ကြောင့် လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လုံခြုံရေးအင်အား ၁ သိန်းအသုံးပြုဖို့အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။ မက္ကဆီကိုဟာ ကနေဒါ၊ အမေရိကန်တို့နဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာ ဖြစ်ပြီး ပွဲစဉ်တွေကို ဂွါဒါလာဂျာရာ၊ မက္ကဆိကိုစီးတီးနဲ့ မွန်တာရေးမြို့တွေမှာ ကျင်းပဖို့ရေးဆွဲထားတာဖြစ်ပါတယ်။ မက္ကဆီကို ကမ္ဘာ့ဖလားပူးပေါင်းညှိနှိုင်းရေး ဗဟိုဌာနအကြီးအကဲ ဘာရီယိုစ် ရဲ့ ပြောကြားချက်အရ ကမ္ဘာ့ဖလားပွဲစဉ်တွေကျင်းပမယ့်မြို့တွေနဲ့ အနီးအနားမှာရှိတဲ့ ခရီသွားတွေလှည့်လည်သွားနိုင်တဲ့နေရာတွေမှာ လုံခြုံရေးအင်အားကို အပြည့်အဝအသုံးပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ လုံခြုံရေးအင်အားအတွက် စစ်ဘက် ဆိုင်ရာဝန်ထမ်း ၂၀,၀၀၀၊ ရဲအရာရှိ ၅၅,၀၀၀ နဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီက ဝန်ထမ်းတွေအပါအဝင် စုစုပေါင်း အင်အား ၁ သိန်းလောက် အသုံးပြုမှာဖြစ်သလို စစ်ဘက်နဲ့အရပ်ဘက်ယာဉ် ၂,၅၀၀ ခန့်၊ လေယာဉ် ၂၄ စင်း၊ anti-drone စနစ်၊ ဖောက်ခွဲရေးပစ္စည်းနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို ရှာဖွေ ဖိုအတွက် လေ့ကျင့်ထားတဲ့ ခွေးတွေကိုပါ အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ မက္ကဆီကို သမ္မတတို့ကတော့ မက္ကဆီကိုမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေက လုံခြုံစိတ်ချရမှု အပြည့်ရှိလိမ့်မယ်လို့ အာမခံထားပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေရဲ့ အဖွင့်ပွဲအဖြစ် အိမ်ရှင် မက္ကဆီကိုနဲ့ တောင်အာဖရိကအသင်းတို့ စတင်ကစားကြမှာဖြစ်ပါတယ်။ (NVS 008)