"ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိ ရွှေချောင်းများနှင့်ငွေကြေးများကို ယူကရိန်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးရန် တောင်းဆိုချက်အား ဟန်ဂေရီငြင်းဆို”
09 Mar
ဟန်ဂေရီနိုင်ငံက သိမ်းဆည်းထားသည့် ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိ ရွှေချောင်းများနှင့် ငွေကြေး များကို ယူကရိန်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် ယူကရိန်းနိုင်ငံပိုင်ဘဏ်က မတ်လ ၈ ရက်တွင် တောင်းဆိုခဲ့ ကြောင်း သိရသည်။ ဟန်ဂေရီအစိုးရသည် ယူကရိန်းနိုင်ငံသို့ မောင်းနှင်လာသည့် မော်တော်ယာဉ်များနှင့် အဖိုးတန်ပစ္စည်းများကို တရားမဝင်ဖမ်းဆီး၍ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး အဆိုပါငွေသယ်ယာဉ်များနှင့် ယာဉ်များ ပေါ်တွင် ပါရှိသည့် အဖိုးတန်ပစ္စည်းအားလုံးကို အပြည့်အဝပြန်လည်ပေးအပ်ရန် တောင်းဆိုသည်ဟု ယူကရိန်းနိုင်ငံ၏ ဒုတိယအကြီးဆုံး နိုင်ငံပိုင်ဘဏ်ဖြစ်သည့် အော့ချာဘဏ်က ဟန်ဂေရီနိုင်ငံအား တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဟန်ဂေရီအစိုးရသည် ယူကရိန်းစစ်ပွဲနှင့် ဆက်နွှယ်နေသည့် ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိ ရွှေချောင်း များနှင့်ငွေကြေးများကို သိမ်းဆည်းရမိခဲ့ပြီး တရားမဝင်ငွေကြေးနှင့် ရွှေချောင်းများကို သယ်ယူပို့ဆောင်ပေးခဲ့သည့် ယူကရိန်းနိုင်ငံသားအချို့ကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများတွင် ခန့်မှန်းခြေ ကိုးကီလို ရှိ ရွှေချောင်းများ၊ အမေရိကန်ဒေါ်လာနှင့် ယူရိုငွေစုစုပေါင်း သန်း ၈၀ ခန့်ပါဝင်ပြီး ဟန်ဂေရီအစိုးရက ယူကရိန်း နိုင်ငံ၏တောင်းဆိုချက်ကို ငြင်းဆိုထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။