“ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းစတင်ဖွင့်လှစ်”
09 Mar
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်တပ်နယ်ရှိ တပ်မတော်(ရေ)၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ တန်၄၀,၀၀၀ ရေလုံလွန်းကျင်းကို မတ်လ ၈ ရက်မှာ နိုင်ငံတော်ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း ကမ္ပည်းကျောက်စာတိုင်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြကာ Shipyard Management Software ခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုဖွင့်လှစ်တဲ့ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းမှာ ပထမဆုံးစတင်တည်ဆောက်မည့် စစ်ရေယာဉ် ၂ စီး ဧရာခင်းမင်္ဂလာအပါအဝင် တပ်မတော်(ရေ)မှာ တည်ဆောက် ခဲ့တဲ့ ဖရီးဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ်(သာလွန်မင်း)နှင့် မြစ်တွင်းသွားဘက်စုံသုံးစစ်ရေယာဉ် ၄ စီးတို့ တပ်တော်ဝင်နိုင်မည်ဟုပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရေလုံလွန်းကျင်းကြီးသည် နိုင်ငံတကာအဆင့်မီ သင်္ဘောကျင်းကြီးဖြစ်၍ ရေလုံလွန်းကျင်းနှင့် ရေလုံလွန်းကျင်းတွင်ပါသည့် စက်ပစ္စည်းကိရိယာများကို သက်တမ်းပြည့် စွမ်းအားပြည့်စနစ်တကျအသုံးပြုနိုင်ရေး ဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေပြန်လည်ရရှိနိုင်ရေးအတွက် ပြည်တွင်းပြည်ပကုန်သွယ်ရေကြောင်း ရေယာဉ် ကြီးများ တည်ဆောက်ပြုပြင်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ ရေယာဉ်ဗိသုကာနှင့် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် ရေးကို တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်ရန်၊ ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့် တပ်မတော်(ရေ)မျိုးဆက်သစ် အရာရှိ၊ စစ်သည်များကို ကောင်းမွန်တဲ့အစဉ်အလာကောင်းများ လက်ဆင့်ကမ်းပေးရန်၊ မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင်အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရင်း တပ်မတော်၏ကောင်းမြတ်တဲ့ အစဉ်အလာများကို အသက်နှင့်ထပ်တူထိန်းသိမ်းစောင့်ရှောက်ရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ရေလုံလွန်းကျင်းတည်ဆောက်ရေးတာဝန်ယူခဲ့တဲ့ ကုမ္ပဏီ ဥက္ကဋ္ဌက ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ်မှူးထံ စာရွက်စာတမ်းများလွှဲပြောင်းပေးအပ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုသစ်သီးခြင်းကို ရေလုံလွန်းကျင်းတည်ဆောက်ရေးတာဝန်ယူခဲ့တဲ့ ကုမ္ပဏီဥက္ကဋ္ဌထံ ပေးအပ်ခဲ့ပါတယ်။ (NVS 004)