“ဆေးရုံအဆောက်အဦသစ် ၄၁ ခုတည်ဆောက်ပေးခဲ့”
09 Mar
ကျန်းမာရေးကဏ္ဍ၏ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးနေမှုနှင့်ပတ်သက်၍ နိုင်ငံတော်ယာယီ သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၇ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမျိုးသားကင်ဆာကုသရေးဗဟိုဌာန (NCC) ဖွင့်ပွဲမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတော် ယာယီသမ္မတက ဆေးရုံတွေမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးမြင့် အဆောက်အဦကောင်းတွေ တည်ဆောက်ပေးခဲ့ရာမှာ ၅ နှစ်အတွင်း ဆေးရုံအဆောက်အဦသစ် ၄၁ ခုနဲ့ ဝန်ထမ်းအိမ်ရာတွေကို တည်ဆောက် ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၅ နှစ်အတွင်း ပြည်သူ့ဆေးရုံပေါင်း ၂၅ ရုံကို အဆင့်မြှင့်တင်ပေးခဲ့ပြီး မြို့ပြနှင့် ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက်မရှိစေရန်၊ တန်းတူညီမျှရရှိစေရန် ကျေးလက်ဒေသများ၌ ၁၆ ခုတင်ဆံ့ ဆေးရုံ ၁၂ ရုံကို အသစ်တိုးချဲ့ဖွင့်လှစ်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်အစိုးရမှ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဆိုသည့်မူဝါဒအရ ပြည်သူ့ဆေးရုံတိုင်းအတွက် သစ်လွင်ဆရာဝန် ၂,၆၄၉ ဦး၊ သွားနှင့်ခံတွင်းဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကိုခန့်အပ်ခဲ့ပါတယ်။ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ပြည်တွင်း/ ပြည်ပဘွဲ့လွန်သင်တန်းများ တက်ရောက်ခွင့်ကို စီစဉ်ပေးလျက်ရှိပြီး သူနာပြုများရာထူးအဆင့်မြှင့်တင်ခြင်းနှင့် သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများ အဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကိုလည်းဆောင်ရွက်ပေးခဲ့ပါတယ်။ (NVS 004)