မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံအင်ဂျင်နီယာများအဖွဲ့ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံ ၂၀၂၆ ကျင်းပ
08 Mar
မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံအင်ဂျင်နီယာများအဖွဲ့ နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံ (၂၀၂၆)နှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကို မတ်လ ၇ ရက် နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းချုပ် Function Hall ၌ ကျင်းပခဲ့သိရပါတယ်။ ဦးစွာ မြန်မာအပြည်ပြည်ဆိုင်ရာအတိုင်ပင်ခံ အင်ဂျင်နီယာများအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဌေး က နှုတ်ခွန်းဆက် စကားပြောကြားပြီး နှစ်ပတ်လည်အသင်းသားစုံညီညီလာခံ သဘာပတိ ဦးဉာဏ်ထွန်းဦးက အမှာစကားပြောကြား ပါတယ်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာကို အထွေထွေအတွင်းရေးမှူး ဒေါ်အေးအေးခိုင် ကလည်းကောင်း၊ ဘဏ္ဍာရေးအစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းကို ဘဏ္ဍာရေးမှူး ဦးမြင့်စိန် ကလည်းကောင်း၊ စာရင်းစစ်ဆေးခြင်းအစီရင်ခံစာကို စာရင်းစစ် ဦးမင်းစိုး ကလည်းကောင်း တင်သွင်းကြရာ မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံအင်ဂျင်နီယာများအဖွဲ့ သဘာပတိက ညီလာခံတက်ရောက်လာကြသူများထံမှ အတည်ပြုချက် ရယူခဲ့ပါတယ်။ မွန်းလွဲပိုင်းတွင် ၂၀၂၆-၂၀၂၇ ခုနှစ် အမှုဆောင်သစ်သက်တမ်းအတွက် တာဝန်ယူဆောင်ရွက်မည့် အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ရွေးချယ်တင်မြှောက်ခံရသည့် ဗဟိုကော်မတီဝင်များက ကတိသစ္စာခံယူခဲ့ကြပါတယ်။ အဆိုပါအမှုဆောင်သစ် ရွေးချယ်ခြင်းကို နှစ်နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ ခက်ဖြာတစ်ခုဖြစ်သော မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ အင်ဂျင်နီယာများအဖွဲ့ကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်အသင်းသား ၁,၂၀၀ ကျော်ရှိကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ရန်၊ ပြည်တွင်း၊ ပြည်ပ အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးကူညီရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 004)