အမျိုးသားကင်ဆာကုသရေးဗဟိုဌာန(National Cancer Center-NCC) ဖွင့်ပွဲအခမ်းအနား ကျင်းပ

08 Mar

(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမျိုးသားကင်ဆာကုသရေးဗဟိုဌာန(National Cancer Center-NCC) ဖွင့်ပွဲအခမ်းအနားကို မတ်လ ၇ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့ ပါတယ်။ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတကာမှ ကင်ဆာပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဆေးပညာရှင်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ ဦးစွာ နိုင်ငံတော်ယာယီသမ္မတနှင့် အဖွဲ့ဝင်များက အခမ်းအနားပြုလုပ်မည့် နေရာသို့ရောက်ရှိကြရာ တာဝန် ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး အမျိုးသားကင်ဆာကုသရေးဗဟိုဌာန၊ (National Cancer Center-NCC) ဖွင့်ပွဲအခမ်းအနားကို ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်အောင်စန်း၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတက အမျိုးသားကင်ဆာကုသရေးဗဟိုဌာန၊ (National Cancer Center -NCC)ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်ယာယီသမ္မတက အမျိုးသားကင်ဆာကုသရေးဗဟိုဌာန (၅)ထပ် ကုသဆောင်သစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ပါတယ်။ ၎င်းနောက် နိုင်ငံတော်ယာယီ သမ္မတနှင့်အဖွဲ့ဝင်များက ၈ ထပ်ကုသဆောင်သစ်သို့ ရောက်ရှိကြပြီး ကုသဆောင်သစ်ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်ယာယီသမ္မတက အဖွင့်စကားပြောကြားရာ ယနေ့ဖွင့်လှစ်သည့် အမျိုးသားကင်ဆာ ကုသရေးဗဟိုဌာနကို ကင်ဆာဝေဒနာရှင်များအတွက် တစ်နေရာတည်းတွင် ပြည့်စုံသည့်ကုသမှုစင်တာ(One-stop Comprehensive Care Center)အဖြစ် ဆေးကုသမှုများပေးနိုင်ရန်နှင့် သုတေသနလုပ်ငန်းများကိုပါ လုပ်ဆောင် နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ (၅)ထပ်ကုသဆောင်၊ (၈)ထပ်ကုသဆောင်များနှင့် ဓာတ်ရောင်ခြည် စက်ခန်းများအတွက် နိုင်ငံတော်မှ ငွေကျပ် ၃၄ ဘီလီယံကျော်၊ ဝန်ထမ်းအိမ်ရာများအတွက် ငွေကျပ် ၁၂ ဘီလီယံ ကျော်နှင့် ဓာတ်ရောင်ခြည်ကုသစက်အသစ် သုံးလုံးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ငွေကျပ် ၃၀ ဘီလီယံ ကျော်ကို ခွင့်ပြုပေးခဲ့ကြောင်း၊ ယခုနှစ်တွင် အလှူရှင်များလှူဒါန်းသည့် စက်တစ်လုံးသည်လည်း ငွေကျပ် ၁၉ ဘီလီယံ တန်ဖိုးရှိကြောင်းသိရှိရပြီး လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဓာတ်ရောင်ခြည်ကုသမှုခံယူမည့် လူနာများအတွက် ဓာတ်ရောင်ခြည်စက်များထားရှိမည့် စက်ခန်းများကို ကြိုတင်ပြီး ဦးစားပေးဆောက်လုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ဗဟိုဌာနကြီး ယခုကဲ့သို့မပြီးစီးမီ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ လကတည်းက ဓာတ်ရောင်ခြည်ကုသစက် နှစ်လုံးနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် နောက်ထပ်ဓာတ်ရောင်ခြည် ကုသစက်တစ်လုံး တပ်ဆင်အသုံးပြုပြီး ကြိုတင်ကုသပေးနိုင်ခဲ့ကြောင်း၊ လူနာပေါင်း ၁,၆၀၁ ဦးကို ဓာတ်ရောင်ခြည် နှင့် ကင်ဆာကုသမှုအကြိမ်ပေါင်း ၅၀,၀၀၀ ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာများစောင့်ဆိုင်းကာလကို သိသာစွာ လျှော့ချပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးသည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှစပြီး အတွင်းလူနာများကိုပါ လက်ခံကုသပေးနိုင်ခဲ့ခြင်းကြောင့် အတွင်းလူနာ ၂၈၅ ဦးနှင့် ပြင်ပလူနာ ၃,၈၀၅ ဦးကို ကြည့်ရှုကုသမှု ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ယခုကဲ့သို့ အခြေခံအဆောက်အအုံများ ပြည့်စုံလာသည်နှင့်အတူ ကင်ဆာရောဂါဆိုင်ရာ ဆေးကုသမှု အရည်အသွေး ပိုမိုမြင့်မားစေရန်အတွက် စံညွှန်းကုထုံးများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြည်ပ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ စက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်မည့် အဏုမြူ ရောင်ခြည်ဆိုင်ရာ ပညာရှင်များနှင့် အထူးကုဆရာဝန်ကြီးများကို စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးကြရန် လည်း မှာကြားလိုကြောင်း၊ အမျိုးသားကင်ဆာရောဂါ မှတ်တမ်းစနစ်(National Cancer Registry)ကို တည်ဆောက် ရန် နိုင်ငံတကာနှင့်ပူးပေါင်းပြီး သုတေသနလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်း လိုကြောင်း ပြောကြားခဲ့ပါတယ်။ အထူးမှာကြားလိုသည်မှာ ရှိနေသည့်စက်ပစ္စည်းများ မည်မျှပင် ခေတ်မီကောင်းမွန်နေပါစေ ကိုင်တွယ် အသုံးပြုသည့် လူသားအရင်းအမြစ်များ၏ ကျွမ်းကျင်မှုနှင့် စေတနာသည်သာလျှင် ကုသမှုအောင်မြင်ရန်အတွက် အရေးကြီးဆုံး အကြောင်းအရာဖြစ်ကြောင်း၊ ကင်ဆာဝေဒနာရှင်များသည် မိမိတို့ခံစားနေရသည့် ဝေဒနာနှင့် ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်းရရှိနိုင်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများတွင် ရှိပြီးဖြစ်သည့် “စေတနာ၊ ဝါသနာ၊ အနစ်နာ” ဆိုသည့် နာသုံးနာကိုအရင်းခံပြီး လူနာများအပေါ် မိသားစုစိတ်ဓာတ်ဖြင့်မေတ္တာထားပြီး နွေးထွေးကြင်နာစွာ ပြုစုစောင့်ရှောက်ပေးကြရန် အလေးအနက်မှာကြားလိုကြောင်းနှင့် ပြည်သူလူထု အားကိုး ယုံကြည်ရသည့် ဌာနကြီးဖြစ်အောင် အားလုံးကဝိုင်းဝန်းထိန်းသိမ်း ကြိုးပမ်းပေးကြရန် တိုက်တွန်းမှာခဲ့ပါတယ်။(NVS 004)

08 Mar

ADVERTISE HERE .