ယူကရိန်းစစ်ပွဲနှင့်ဆက်နွှယ်နေသည့် ဒေါ်လာ သန်းပေါင်းများစွာတန်ဖိုးရှိ ရွှေချောင်းများနှင့် ငွေကြေးများကို ဟန်ဂေရီသိမ်းဆည်းရမိ
08 Mar
ယူကရိန်းစစ်ပွဲနှင့် ဆက်နွှယ်နေသည့် ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိ ရွှေချောင်းများနှင့်ငွေကြေးများကို ဟန်ဂေရီနိုင်ငံက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဟန်ဂေရီအစိုးရသည် ငွေကြေးခဝါချမှုနှင့်စပ်လျဉ်း၍ စုံစမ်းဖော်ထုတ်ခဲ့ရာမှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ခန့်တန်ဖိုးရှိ ဒေါ်လာ၊ ယူရိုငွေကြေးများနှင့် ရွှေချောင်းများကို သိမ်းဆည်းရမိခဲ့ပြီး တရားမဝင်ငွေကြေးနှင့် ရွှေချောင်း များကို သယ်ယူပို့ဆောင်ပေးခဲ့သည့် ယူကရိန်းနိုင်ငံသားအချို့ကိုပါ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပီတာဆီ ဂျာတို က ပြောကြားသည်။ အဆိုပါ ရွှေချောင်းများနှင့်ငွေကြေးများအား ဩစတြီးယားနိုင်ငံရှိ ရိုက်ဖေးဆန် ဘဏ်မှတစ်ဆင့် ယူကရိန်း နိုင်ငံအတွင်းသို့ သယ်ဆောင်လာစဉ် ဟန်ဂေရီအာဏာပိုင်များက ကြားဖြတ်သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းနိုင်ငံ၏ ဒုတိယအကြီးဆုံး နိုင်ငံပိုင်ဘဏ်ဖြစ်သည့် အော့ချာဘဏ် က မတ်လ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများတွင် ခန့်မှန်းခြေ ၉ ကီလိုရှိ ရွှေချောင်းများ၊ အမေရိကန်ဒေါ်လာနှင့် ယူရိုငွေ စုစုပေါင်း သန်း ၈၀ ခန့်ပါဝင်သည်။ ယခုနှစ်တစ်နှစ်အတွင်းမှာပင် ဟန်ဂေရီ နယ်မြေအတွင်းဖြတ်ကျော်၍ ယူကရိန်းနိုင်ငံအတွင်းသို့ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်၊ ယူရို ၄၂ဝ သန်းနှင့် ရွှေချောင်း ၁၄၆ ကီလိုဂရမ်အထိ တရားမဝင်သယ်ယူ ပို့ဆောင်ခဲ့ကြောင်း ဟန်ဂေရီအမျိုးသား အခွန်နှင့်အကောက်ခွန်ဦးစီးဌာနက မတ်လ ၆ ရက်တွင် ထုတ်ပြန်ထားသည်။