ဘဏ္ဍာနှစ် ၁၁ လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၉၀ ရရှိထား

07 Mar

၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ ၁၁ လတာကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅၀၆ သန်းတင်ပို့နိုင်ခဲ့ရာမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်း ၇၉၀ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ထုတ်ပြန်သည့် စာရင်းများအရ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း လစဉ်တင်ပို့မှုအခြေအနေများအရ ဧပြီလတွင် တန်ချိန် ၁၄၂,၇၈၈ တင်ပို့ကာ အမေရိကန်ဒေါ်လာ ၅၂ သန်း၊ မေလတွင် တန်ချိန် ၂၅၉,၅၀၁ တင်ပို့ကာ အမေရိကန်ဒေါ်လာ ၉၁ သန်း၊ ဇွန်လတွင် တန်ချိန် ၂၁၂,၄၁၆ တင်ပို့ကာ အမေရိကန်ဒေါ်လာ ၇၁ သန်း၊ ဇူလိုင်လတွင် တန်ချိန် ၂၃၀,၆၇၂ တင်ပို့ကာ အမေရိကန်ဒေါ်လာ ၇၇ သန်း၊ ဩဂုတ်လတွင် တန်ချိန် ၁၉၂,၉၈၅ တင်ပို့ကာ အမေရိကန်ဒေါ်လာ ၆၅ သန်း၊ စက်တင်ဘာလတွင် တန်ချိန် ၁၆၈,၀၄၆ တင်ပို့ကာ ဒေါ်လာ ၅၂ သန်း၊ အောက်တိုဘာလတွင် တန်ချိန် ၃၁၆,၉၂၀ တင်ပို့ကာ အမေရိကန်ဒေါ်လာ ၉၂ သန်း၊ နိုဝင်ဘာလတွင် တန်ချိန် ၂၆၃,၈၁၅ တင်ပို့ကာ အမေရိကန်ဒေါ်လာ ၇၆ သန်း၊ ဒီဇင်ဘာလတွင် တန်ချိန် ၃၃၁,၈၆၄ တင်ပို့ကာ အမေရိကန်ဒေါ်လာ ၉၉ သန်း၊ ဇန်နဝါရီလတွင် တန်ချိန် ၂၀၈,၈၄၇ တင်ပို့ကာ အမေရိကန်ဒေါ်လာ ၆၀ သန်းနှင့် ဖေဖော်ဝါရီလတွင် တန်ချိန် ၁၇၈,၁၉၁ တင်ပို့ကာ အမေရိကန်ဒေါ်လာ ၅၅ သန်း တို့ဖြင့် ဝင်ငွေရရှိခဲ့ကြောင်း သိရပါတယ်။ ၂၀၂၄–၂၀၂၅ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း တင်ပို့ခဲ့ရာ လက်ရှိဘဏ္ဍာနှစ်မကုန်မီ ယခင်ဘဏ္ဍာနှစ်ထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရပါတယ်။(NVS 004)

07 Mar

ADVERTISE HERE .