သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၂ မျိုးကို FDA ထုတ်ပြန်

07 Mar

ဈေးကွက်အတွင်း သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း နှစ်မျိုးကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိပါတယ်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်း များကိုစစ်ဆေးခဲ့ရာ ဖော်ပြပါအလှကုန်ပစ္စည်းနှစ်မျိုးက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထုသုံးစွဲရန် မသင့်တော်ကြောင်း အသိပေးထုတ်ပြန် ခဲ့ပါတယ်။ တားမြစ်ဓာတုပစ္စည်းများကြောင့် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် အလှကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များအနေနဲ့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝမပြုလုပ်ရန်အသိပေးထားရှိပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။(NVS 004)

07 Mar

ADVERTISE HERE .