အမျိုးသားစီမံကိန်းကော်မရှင်(၁/၂၀၂၆)အစည်းအဝေးကျင်းပ၊ နိုင်ငံအရေးကို ဦးစားပေးပြီး တိုင်းပြည်သာယာ ဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ဦးတည်ဆောင်ရွက်ခဲ့
07 Mar
အမျိုးသားစီမံကိန်းကော်မရှင်(၁/၂၀၂၆)အစည်းအဝေးကို မတ်လ ၆ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အမှာစကားပြောကြားစဉ် နိုင်ငံအရေးကို ဦးစားပေးပြီး တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ဦးတည်ဆောင်ရွက်ခဲ့ကြောင်း ထည့်သွင်းပြောကြား ခဲ့ပါတယ်။ နိုင်ငံတော်ယာယီသမ္မတက နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းရယူခဲ့သည့်အချိန်တွင် နိုင်ငံ၏စီးပွားရေး ကျဆင်းနေပြီး အခက်အခဲမျိုးစုံကြားမှ နိုင်ငံအရေးကိုဦးစားပေးပြီး အမျိုးသားရေးမျှော်မှန်းချက်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးတည်ပြီးဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းပြည်၏ကုန်ထုတ်လုပ် မှုတိုးတက်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်စေရန်အတွက် အဓိကအားပေးမြှင့်တင်ပေးသည့်အပြင် လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့် ကျေးလက်ဒေသစီးပွားရေး တိုးတက်စေရန်အတွက် ဦးစားပေးအလေးထား ဆောင်ရွက်ပေးခဲ့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မိမိတို့တာဝန်ယူသည့်ကာလတွင် နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များ မြှင့်တင်မှုကို အဓိကတွန်းအားပေး မြှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ MSME လုပ်ငန်းများသည် ထုတ်ကုန်အရည်အသွေးနှင့် ထုပ်ပိုးမှုပုံစံ များသည် ယခင်နှင့်နှိုင်းယှဉ်ပါက အတော်အသင့်တိုးတက်မှုရှိလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ တန်းဝင် အရည်အသွေးမြင့်ကုန်ပစ္စည်းများ အဆင့်တိုးတက်ရောက်ရှိစေရေးနှင့် ပြည်ပပို့ကုန်အဆင့်ထိ ရောက်ရှိ အောင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လုပ်ငန်းရှင်များ ပူးပေါင်းညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပြောကြားခဲ့ပါတယ်။ ပြည်တွင်းထုတ်ကုန်များကို ပြည်တွင်းစားသုံးမှုဖူလုံသည်ထက် ပိုမိုထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပကို တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပကတင်သွင်းမှုများကိုလည်း လျော့နည်းစေမည်ဖြစ်သည့်အတွက် ထုတ်လုပ်မှုကို ဆက်လက်အားပေး မြှင့်တင်သွားရမည်ဖြစ်ကြောင်း၊ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း တိုးတက် ထွက်ရှိရေး လိုအပ်ချက်များရှိနေသေးသည့်အတွက် နိုင်ငံ့စီးပွားရေးတွင် တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးတွင် အဓိကလိုအပ်သည့် မျိုး၊ မြေ၊ ရေနှင့် နည်းစနစ် ကောင်းမွန်ရေးကိုလည်း ဆက်လက်တွန်းအားပေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။(NVS 004)