အိန္ဒိယအား တရုတ်ကဲ့သို့ အင်အားကြီးမားသောပြိုင်ဘက်နိုင်ငံ တစ်နိုင်ငံအဖြစ် ထွက်ပေါ်လာစေရန် ခွင့်ပြုမည် မဟုတ်ဟု အမေရိကန်ပြော

07 Mar

အမေရိကန်ပြည်ထောင်စုအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိသော်လည်း တရုတ်နိုင်ငံကဲ့သို့ အင်အားကြီးမားသောပြိုင်ဘက်နိုင်ငံ တစ်နိုင်ငံအဖြစ် ထွက်ပေါ်လာစေရန် ခွင့်ပြုမည်မဟုတ် ကြောင်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာ လန်ဒေါ ကပြောကြားသည်။ အမေရိကန်အစိုးရအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးအပေါ် မည်သို့ရှုမြင်ကြောင်းကို အိန္ဒိယနိုင်ငံ၏ အထင်ကရပထဝီနိုင်ငံရေးနှင့် စီးပွားရေးညီလာခံတစ်ခုဖြစ်သည့် ရိုင်ဆီနာဆွေးနွေးပွဲ၌ လန်ဒေါ က ပြောကြားခြင်း ဖြစ်သည်။ ထို့ပြင် အမေရိကန်အနေဖြင့် လွန်ခဲ့သောဆယ်စုနှစ်နှစ်ခုခန့်က တရုတ်နိုင်ငံအပေါ် ကျင့်သုံးခဲ့သော မူဝါဒ အမှားမျိုးကို အိန္ဒိယနိုင်ငံအပေါ်တွင် ထပ်မံကျင့်သုံးမည်မဟုတ်ကြောင်း ၎င်းက အလေးအနက်ပြောကြားထားသည်။ အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ၎င်းတို့အကြား ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန် တစ်နှစ်ကျော်ကြာဆွေးနွေးခဲ့ရာမှ ယခုနှစ်ဖေဖော်ဝါရီလတွင် နှစ်နိုင်ငံအကြား ကြားဖြတ်သဘော တူညီချက်တစ်ရပ် ချမှတ်နိုင်ခဲ့သည်။ အဆိုပါသဘောတူညီချက်အရ ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုကြောင့် အိန္ဒိယနိုင်ငံအပေါ် ချမှတ်ထားသော အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည့် အစီအစဉ်ကို အမေရိကန်က ဖယ်ရှားပေး ခဲ့ကြောင်းသိရသည်။ အိန္ဒိယနိုင်ငံသည် မကြာသေးမီကာလအတွင်း ဗြိတိန်၊ အိုမန်၊ နယူးဇီလန်နှင့် ဥရောပသမဂ္ဂတို့နှင့် ကုန်သွယ်ရေးသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ပြီး ၎င်း၏ အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုအပေါ် မှီခိုနေရမှုကိုလျှော့ချရန် ကြိုးပမ်းလာခဲ့ကြောင်းသိရသည်။

07 Mar

ADVERTISE HERE .