“အရှေ့အလယ်ပိုင်းဒေသ၏ ဆိုးရွားလာနေသော အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိဟု ရုရှားပြော”

06 Mar

အရှေ့အလယ်ပိုင်းဒေသ၏ ဆိုးရွားလာနေသောအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၅ ရက်တွင် ထုတ်ပြန်သည်။ အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးဆင်နွှဲ နေသည့် အမေရိကန်နှင့်အစ္စရေးတို့သည် ၎င်းတို့၏တိုက်ခိုက်မှုများကို ရပ်တန့်မည့် အရိပ်အယောင်မျိုး မတွေ့ရကြောင်း ရုရှားဝန်ကြီးဌာနကထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ယခုလုပ်ဆောင်လျက်ရှိသည့် စစ်ဆင်ရေးကို လုပ်ကြံဖန်တီးထားသောအကြောင်းပြချက်ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်ဟု ရုရှားက ဆက်လက် ပြောကြားထားသည်။ ထို့အတူ အစ္စလာမ်ကမ္ဘာအတွင်း သွေးကွဲစေရန်နှင့် အီရန်နိုင်ငံကို လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ် လာစေရန်အတွက် အမေရိကန်နှင့်အစ္စရေးနိုင်ငံတို့က ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်လျက်ရှိကြောင်း၊ ထိုသို့လှုံ့ဆော်မှု ကြောင့် အာရပ်နိုင်ငံအချို့ရှိ အဆောက်အအုံများတွင် လူသေဆုံးမှုနှင့်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း ရုရှား ဝန်ကြီးဌာနကပြောကြားသည်။ ထိုသို့သောလုပ်ရပ်များသည် အာရပ်နိုင်ငံများကို ပြင်ပအကျိုးစီးပွားအတွက် အသုံးချမည့် စစ်ပွဲအတွင်းသို့ဆွဲသွင်းရန် နှင့် ပါလက်စတိုင်းပြည်သူတို့ ရင်ဆိုင်နေရသော ကပ်ဘေးဆိုက်နေသည့် ဒုက္ခများအပေါ် အာရုံလွှဲရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပင်လယ်ကွေ့ဒေသရှိ အာရပ်နိုင်ငံများ၏ နယ်မြေများအပေါ် တိုက်ခိုက်မှုများအပါအဝင် ရန်လိုသည့်လုပ်ရပ်များအားလုံးကို ချက်ချင်းရပ်တန့်ရန် ရုရှားက သက်ဆိုင်ရာနိုင်ငံများကို တိုက်တွန်းထားကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

06 Mar

ADVERTISE HERE .