“နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှာ ကျောက်ကပ်အစားထိုးကုသမှု ပဉ္စမအကြိမ်မြောက် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်”
06 Mar
နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ စတုတ္ထအကြိမ်နှင့် ပဥ္စမအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ အဆိုပါ စတုတ္ထအကြိမ်နှင့် ပဥ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်တို့မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ စတုတ္ထအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ဇမ္ဗူသီရိမြို့နယ် အသက် ၄၅ နှစ်ရှိ ကျောက်ကပ်လူနာအမျိုးသမီးလူနာနှင့် ကျောက်ကပ်အလှူရှင် သားတော်စပ်သူ အသက် ၂၀ နှစ်ရှိ အမျိုးသားတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ခွဲစိတ်ချိန် ၆ နာရီခွဲ ကြာမြင့်ခဲ့ပါတယ်။ အလားတူ ပဥ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ပျော်ဘွယ်မြို့နယ်နေ အသက် ၃၄ နှစ်ရှိ ကျောက်ကပ်လူနာအမျိုးသားနှင့် ကျောက်ကပ်အလှူရှင် အစ်မတော်စပ်သူ အသက် ၃၆ နှစ်ရှိ အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ခွဲစိတ်ချိန် ၅ နာရီ ကြာမြင့်ခဲ့ပါတယ်။ လက်ရှိမှာ ကျောက်ကပ်အစားထိုးခွဲ စိတ်ကုသမှုဆောင်ရွက်ခဲ့သောလူနာနှင့်ကျောက်ကပ်အလှူရှင် ၄ ဦးတို့ ရဲ့ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လူနာများအားအထူးကြပ်မတ်ကုသဆောင်မှာ လည်းကောင်း၊ ကျောက်ကပ်အလှူရှင်များကို ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ကုသဌာနမှာလည်းကောင်း ထားရှိကာ လိုအပ်သော ကုသမှုများ အနီးကပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် -၁၀၀၀)အနေနဲ့ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် လည်းကောင်း၊ ဒုတိယအကြိမ်နှင့်တတိယအကြိမ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ လည်းကောင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ယခုအခါကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)ရန်ကုန်၊ မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့၌ ပုံမှန်ခွဲစိတ်ကုသမှုများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။(NVS 004)