“ကူဝိတ်အစိုးရက ထုတ်ပြန်ထားတဲ့ အချက်များကို တိကျစွာလိုက်နာရန် အသိပေးထား”
06 Mar
ကူဝိတ်အစိုးရက ထုတ်ပြန်ထားတဲ့ အချက်များကို တိကျစွာလိုက်နာရန် ကူဝိတ်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။ အခုလိုလိုက်နာခြင်းနဲ့ ဥပဒေအရ အရေးယူခံရမှုများမှ ကင်းဝေးစေရန် ရည်ရွယ်တယ်လို့ သိရပါတယ်။ အသိပေးချက်တွင် စစ်တပ် (သို့မဟုတ်) လုံခြုံရေးအဆောက်အအုံများ၊ ကန့်သတ်နယ်မြေများ(သို့မဟုတ်) အရေးကြီးတဲ့နေရာများ အနီးသို့ မကပ်ရန် အသိပေးပါတယ်။ ဒါ့အပြင် ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်း၊ ရိုက်ကူးထားတဲ့ ဓါတ်ပုံ၊ ဗီဒီယိုတို့ကို Facebook၊ TikTok၊ အခြားလူမှုကွန်ရက်များပေါ်သို့ တင်ခြင်း၊ တစ်ဆင့်ပြန်လည်ဖြန့်ဝေခြင်းများ မပြုလုပ်ကြရန်လည်း ပါဝင်ပါတယ်။ ဆက်လက်ပြီး ဒုံးကျည်ပစ်ခတ်မှုများကို ဗီဒီယိုရိုက်ကူးခြင်း၊ ကောင်းကင်ယံမှာ ဒုံးကျည်များကို ကြားဖြတ် ဟန့်တားပစ်ခတ်နေတဲ့မြင်ကွင်းများကို ဗီဒီယိုရိုက်ကူးခြင်း (သို့မဟုတ်) ဓာတ်ပုံရိုက်ခြင်း လုံးဝမပြုလုပ်ကြရန်လည်း အသိပေးထားပါတယ်။ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ဆောင်ချက်များကို မရိုက်ကူးရန်၊ တာဝန်ဝတ္တရားများ ဆောင်ရွက် နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၏ လှုပ်ရှားမှုများကို ရိုက်ကူးခြင်း (သို့မဟုတ်) ထုတ်လွှင့်ခြင်းမပြုရန် သတိပေးထားပါတယ်။ ကောလာဟလများကို ဖြန့်ဝေခြင်းက လုံခြုံရေးလုပ်ငန်းစဉ်များကို အနှောင့်အယှက်ဖြစ်စေတာကြောင့် တရားဝင်သတင်းရင်းမြစ်များမှ ထုတ်ပြန်ချက်များကိုသာ ဖတ်ရှုရန် အသိပေး ထားပါတယ်။ အရေးပေါ်အခြေအနေများ (သို့မဟုတ်) မသင်္ကာဖွယ်ရာများတွေ့ရှိပါက Hotline 112 သို့ ဆက်သွယ်ရန် ကူဝိတ်မြို့ရှိ မြန်မာသံရုံးက သတိပေးထုတ်ပြန်ထားပါတယ်။ (NVS 004)