“ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)ကို မတ်လအတွင် စတင်အသုံးပြုမည်”
05 Mar
မြန်မာနိုင်ငံ၌ မိုဘိုင်းလက်ကိုင်ဖုန်းသုံးစွဲသူပြည်သူများအနေနဲ့ စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး နိုင်ငံတော်သို့ ကျသင့်အခွန်များပေးဆောင်ထားတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းများကို ပြည်တွင်းမှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် ၂၀၂၆ ခုနှစ်၊ မတ်လ ပထမပတ်မှစတင်ကာ ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်(CEIR)အား စတင် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီမှ သိရပါတယ်။ ကမ္ဘာ့နိုင်ငံအချို့တွင် မိုဘိုင်းလက်ကိုင်ဖုန်းများအပါအဝင် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေး စက်ပစ္စည်းများ၏ မူရင်းအမှတ်အသား (International Mobile Equipment Identity-IMEI Code)ကို ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register-CEIR)၌ မှတ်ပုံတင်ကာ နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးကွန်ရက်များနှင့် ချိတ်ဆက်အသုံးပြုခြင်း လုပ်ငန်းစဉ်အား ဆောင်ရွက်လျက်ရှိပါတယ်။ ယခုအခါမှာ အများပြည်သူတို့ လက်ရှိအသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်းများကို အခွန်ပေးဆောင်ရန် မလိုအပ်ဘဲ ဆက်လက်အသုံးပြုနိုင်ရန် CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် အလိုအလျောက်ထည့်သွင်းပေးသွားမှာဖြစ်ပြီး အဆိုပါခွင့်ပြုစာရင်းတွင်ပါရှိနိုင်ရန် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နောက်ဆုံးထားပြီး ဆက်သွယ်ရေးကွန်ရက် (MPT၊ ATOM၊ U9၊ Mytel) များ၏ SIM Card များထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန်လိုအပ်ပါတယ်။ မိုဘိုင်းလက်ကိုင်ဖုန်းများနှင့် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေးပစ္စည်းများကို ပြည်ပမှ တင်သွင်းလိုသည့် ကုမ္ပဏီများအနေနဲ့လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းဆောင်ရွက်ကြမှာဖြစ်ပြီး ကျသင့်အခွန်များကို ပေးဆောင်ပြီးပါက CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်မှစ၍ ခွင့်ပြုစာရင်းတွင်မပါရှိတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းများကို မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များနှင့် စတင်ချိတ်ဆက် အသုံးပြုချိန်မှ ရက်ပေါင်း ၃၀ အတွင်း ယာယီအသုံးပြုခွင့်ရရှိမှာဖြစ်ပြီး အဆိုပါကာလအတွင်း ကျသင့်အခွန်နှင့် ဒဏ်ကြေးများပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ ဒဏ်ကြေးများကို အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားသော https://www.ceir.gov.mm ၌ မိုဘိုင်း လက်ကိုင်ဖုန်း၏ မူရင်းအမှတ်အသား (International Mobile Equipment Identity - IMEI)ကို ထည့်သွင်းပြီး အီလက်ထရောနစ် ငွေပေးချေမှုနည်းလမ်းများဖြင့် ကျသင့်အခွန်နှင့်ဒဏ်ကြေးများကို ပေးဆောင်နိုင်ပါတယ်။ နယ်စပ်ဒေသများ၊ အင်တာနက်ရရှိရန် ခက်ခဲသောဒေသများရှိ ပြည်သူများအတွက် အဆိုပါဒေသရှိ ပြည်တွင်း အခွန်များဦးစီးဌာနရုံးများတွင်ဖြစ်စေ၊ အကောက်ခွန်ဦးစီးဌာနရုံးများတွင်ဖြစ်စေ ကျသင့်အခွန်နှင့်ဒဏ်ကြေးများကို ပေးဆောင်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်များအားသိရှိလိုပါက အင်တာနက်စာမျက်နှာတွင် လွှင့်တင် ထားသော https://www.ceir.gov.mm ၌ ကြည့်ရှုနိုင်သလို CEIR Call Center နံပါတ်များဖြစ်သည့် ၁၅၇၇ နှင့် ၁၇၅၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီမှ အသိပေးထုတ်ပြန် ထားပါတယ်။ (NVS-004)