“RC သုံးထပ်အဆောက်အဦဖြစ်တဲ့ စာဆိုဗိမာန် စတင်ဖွင့်လှစ်ပေးခဲ့”
05 Mar
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းခေါင်လမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ စာဆိုဗိမာန်အဆောက်အဦကို မတ်လ ၄ ရက်နံနက်ပိုင်းကစတင်ဖွင့်လှစ်ရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီးတို့တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့က စာဆိုဗိမာန်အဆောက်အဦ ကမ္ဗည်းမော်ကွန်း ကျောက်တိုင်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအထိမ်းအမှတ်ကံ့ကော်ပင်ကိုစိုက်ပျိုးကာ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးမောင်မောင်အုန်း၊ အိန္ဒိယနိုင်ငံသံ အမတ်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းတို့မှလည်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများက အဆောက်အဦအတွင်း ပြသထား တဲ့ စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် အနုသုခုမလက်ရာများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားများပြောကြားခဲ့ပါတယ်။ ယခုဖွင့်လှစ်ခဲ့တဲ့ စာဆိုဗိမာန်မှာ ခေတ်အဆက်ဆက် မြန်မာစာပေဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့ အထောက်အထားများ၊ နိုင်ငံတော်မှချီးမြှင့်ခဲ့တဲ့ စာပေဆုအမျိုးအစားများနှင့် ဆုတံဆိပ်များ၊ ဆုရစာအုပ်များ၊ စာပေပညာရှင်ကြီးများ၏ မှတ်တမ်းများ၊ အနုပညာနယ်ပယ်များအလိုက် ပြခန်း၊ ပြကွက်များကို ခင်းကျင်းပြသထားပါတယ်။ ဒါ့အပြင် စာပေ ဟောပြောပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပနိုင်မည့်(Mini Theatre)ခန်းမငယ်ထည့်သွင်းထား၍ စာပေအနုပညာ လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)