“မြို့တော်ဝန်များခန့်အပ်နိုင်မယ့် အစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်း”
05 Mar
တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များမှာ မြို့တော်ဝန်များခန့်အပ်နိုင်မယ့် အစိုးရအဖွဲ့ဥပဒေကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ပြင်ဆင်ပြဋ္ဌာန်းလိုက်ပါတယ်။ ပြင်ဆင်မှုအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးကို မြို့တော်၏ မြို့တော်ဝန်အဖြစ် ခန့်အပ်တာဝန်ပေး နိုင်တယ်လို့ သိရပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် (၁၁ /၂၀၂၆) ဖြင့် မတ်လ ၄ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ(ခ)ကို အစားထိုးရာ၌ အထက်ပါအချက်ကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ အစားထိုးပြင်ဆင်ချက်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးဦးရေကို အနည်းဆုံး ငါးဦးမှ အများဆုံး တစ်ဆယ်ဦးအထိ သတ်မှတ်တာဝန်ပေးရမည်။ ယင်းသို့ သတ်မှတ်သော ဝန်ကြီးဦးရေအတွင်း တိုးခြင်းနှင့် လျှော့ခြင်းများပြုနိုင်သည်။ ဝန်ကြီးများ သတ်မှတ်တာဝန်ပေးအပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွက်နှင့် မန္တလေးတိုင်းဒေသကြီးအတွက် ဝန်ကြီးတစ်ဦးစီကို မြို့တော်ဝန်အဖြစ် တာဝန်ပေးအပ်နိုင်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မြို့တော်တွင် မြို့တော်ဝန်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည်ဟု ပြင်ဆင်ပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ နေပြည်တော်ကောင်စီဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေအမှတ် (၁၀/၂၀၂၆)နဲ့ ပြဋ္ဌာန်းလိုက်ပြီး နေပြည်တော်ကောင်စီဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၏နောက်တွင် ပုဒ်မခွဲ(ဂ)အား ကောင်စီဝင်တစ်ဦးအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည်။ ဟုအစားထိုးကာ နေပြည်တော်ကောင်စီဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ဂ) အား ပုဒ်မခွဲ(ဃ)အဖြစ် ပြန်လည် အမှတ်စဉ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။ (NVS 004)