“နေ့စဉ်အသုံးပြုနိုင်တဲ့ မော်တော်ယာဉ်အမျိုးအစား ၄ မျိုးထပ်တိုးပေးခဲ့”

05 Mar

စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ်လ ၃ ရက်က ထုတ်ပြန်ခဲ့သော ပြည်သူသို့ အသိပေး ကြေညာချက်အတွင်း ဖော်ပြထားတဲ့ နေ့စဉ်အသုံးပြုနိုင်မည့် မော်တော်ယာဉ်အမျိုးအစားများထဲမှာ နောက်ထပ် ၄ မျိုးထပ်တိုးသတ်မှတ်ပေးလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြည့်စွက်ထုတ်ပြန်အသိပေးကြေညာခဲ့ပါတယ်။ နေ့စဥ်အသုံးပြုနိုင်မည့် မော်တော်ယာဥ်အမျိုးအစား ၄ မျိုးတွေမှာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ အတွက် ဝန်ထမ်းကြိုပို့ယာဉ်များ၊ ကုန်စည်ဖြန့်ဖြူးရေးတွင်အသုံးပြုသည့်ယာဉ်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ အတွက်ရုံးလုပ်ငန်းအသုံးပြုသည့်ယာဉ်များနှင့် ကျောင်းကြို/ပို့ယာဉ်များ ဖြစ်ကြပါတယ်။ နေ့စဉ်အသုံးပြုနေတဲ့ မော်တော်ယာဉ်များအနေနဲ့လည်း သုံးစွဲသည့်အခေါက်ရေ အနည်းဆုံးနှင့် သုံးစွဲတဲ့ ယာဉ်စီးရေအနည်းဆုံးဖြစ်အောင် ကန့်သတ်ခြိုးခြံဆောင်ရွက်ကြရန် အသိပေးထားသလို အထက်ပါအကြောင်းကိစ္စ များအတွက် သုံးစွဲသည်မှာ မှန်ကန်ကြောင်း ယာဉ်ပေါ်မှာစီးနင်းလိုက်ပါသူများနှင့် ယာဉ်များမှာ သက်ဆိုင်ရာ အလုပ်ဌာနများ၏ ခိုင်လုံသည့်အထောက်အထား သို့မဟုတ် ထောက်ခံချက်များ ပါရှိရမည်ဖြစ်ကြောင်း ဖြည့်စွက် အသိပေးကြေညာထားပါတယ်။ (NVS 004)

05 Mar

ADVERTISE HERE .