“လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်မြို့နယ် ၁၂၈ မြို့နယ်တွင် အာမခံအလုပ်သမား ၁ ဒသမ ၃၄ သန်းကျော်ဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ခဲ့”
04 Mar
လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်မြို့နယ် ၁၂၈ မြို့နယ်တွင် အာမခံအလုပ်သမား ၁ ဒသမ ၃၄ သန်းကျော်ဖြင့် တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၌ မတ်လ ၃ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ အလုပ်သမား ဝန်ကြီးဌာန အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ (၁/၂၀၂၆)ကြိမ်မြောက်အစည်းအဝေးမှ သိရပါတယ်။ အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ အမျိုးသားအဆင့် အဖွဲ့ဝင်များနှင့် အလုပ်ရှင်/အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေနဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပါဝင်သည့် အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ကို ဖွဲ့စည်း၍ အာမခံအလုပ်သမားများအတွက် ထိရောက်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ အလွယ်တကူလက်လှမ်းမီရယူနိုင်ရန်နှင့် လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို ဥပဒေ နှင့်အညီပေးအပ်နိုင်ရန် အဓိကထားဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိတွင် နှစ်(၇၀)ကျော်ကာလသို့ ရောက်ရှိခဲ့ပြီး လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၂၈ မြို့နယ်အထိ အာမခံအလုပ်သမား ၁ ဒသမ ၃၄ သန်း ကျော်ဖြင့် တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိတွင် လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများကို ပိုမိုထိရောက်ကောင်းမွန်သည့် ကျန်းမာရေး ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်များချုပ်ဆို၍ Fee for Service Payment ဖြင့် ဆေးခန်း ၇၅ ခန်းနှင့် သားဖွားခန်း ရှစ်ခန်း ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးစိုက်ထုတ်ငွေများကို အမြန်ဆုံးပြန်လည်ပေးအပ်လျက်ရှိကြောင်း ပြောကြားခဲ့ ပါတယ်။ ဆက်လက်ပြီး လူမှုဖူလုံရေးအဖွဲ့ကို အာမခံအလုပ်သမားများ အားကိုးအားထားပြုထိုက်သော ဌာနတစ်ခု ဖြစ်စေရန်၊ အာမခံအလုပ်သမားများအတွက် ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင် စေရန်နှင့် တစ်မျိုးသားလုံးအကျုံးဝင်သည့် စီမံကိန်းဖြစ်စေရန်အတွက် အိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးသည့် လူမှုဖူလုံရေးစနစ်များနှင့် နှိုင်းယှဉ်လေ့လာ သုံးသပ်မှုများပြုလုပ်ပြီး လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းပြောကြားခဲ့ပါတယ်။ (NVS-004)