၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ အီရန်အသင်းနုတ်ထွက်ရန် ဆုံးဖြတ်ထား
02 Mar
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ထားတဲ့ အီရန်အသင်းဟာ အမေရိကန်နိုင်ငံနှင့်နိုင်ငံရေးတင်းမာမှု များကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်ထားကြောင်း သတင်းဝက်ဘ်ဆိုက်တွေက ဖော်ပြခဲ့ကြပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိထားသော အီရန်အသင်းဟာ အစောပိုင်းကတည်းက အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့် ကန့်သတ်ထားတဲ့ နိုင်ငံစာရင်းတွင်ပါဝင်နေတာကြောင့် ပရိသတ်များမပါဝင်ဘဲ သွားရောက်ကစားရမည့် အရေးနှင့် ရင်ဆိုင်နေခဲ့ရပါတယ်။ လက်ရှိတွင်အမေရိကန်နိုင်ငံနှင့်အစ္စရေးနိုင်ငံတို့ပူးပေါင်းပြီး အီရန်နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများလုပ်ဆောင်နေတဲ့အတွက် အီရန်အသင်းကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှနုတ်ထွက်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) က အီရန်အသင်းနုတ်ထွက်မည်ဆိုပါက ယူအေအီးအသင်းကို အီရန်အသင်း အစား ဝင်ခွင့်ပေးသွားဖွယ်ရှိနေသည့်အပြင် Play-off အဆင့်ကစားရမည့် အီရတ်အသင်းကိုလည်း တိုက်ရိုက်ဝင်ခွင့် ပေးဖွယ်ရှိနေသော်လည်း အီရန်အသင်းက တရားဝင်နုတ်ထွက်မှသာ ဝင်ခွင့်ပေးမည့်အသင်းကို ဆုံးဖြတ်မည် ဖြစ် ကြောင်း သိရပါတယ်။ အီရန်အသင်းဟာ ကမ္ဘာ့ ဖလားပြိုင်ပွဲ အုပ်စု(G)တွင် အီဂျစ်အသင်း၊ ဘယ်လ်ဂျီယံ အသင်း၊ နယူးဇီလန်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကြောင်း သိရပါတယ်။ (NVS 004)