“အကြမ်းဖက်ဝါဒကို နှစ်နိုင်ငံလက်တွဲဆန့်ကျင်တိုက်ဖျက်ရန် အစ္စရေးနှင့်သဘောတူထားကြောင်း အိန္ဒိယ ဝန်ကြီးချုပ် ပြောကြား”
28 Feb
အကြမ်းဖက်ဝါဒကို နှစ်နိုင်ငံလက်တွဲဆန့်ကျင်တိုက်ဖျက်ရန် အိန္ဒိယနှင့်အစ္စရေးနိုင်ငံတို့က သဘောတူထား ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ က ဖေဖော်ဝါရီလ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဖော်ပြ ထားသည်။ နှစ်ရက်ကြာ အစ္စရေးနိုင်ငံတရားဝင်ခရီးစဉ် ပြီးဆုံးသည့်နေ့တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ က အဆိုပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အစ္စရေးနှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် အကြမ်းဖက်ဝါဒကို ရင်ပေါင်တန်း ဆန့်ကျင်တိုက်ဖျက်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု နှင့် တွေ့ဆုံဆွေးနွေးပြီး ပြုလုပ်ခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ် မိုဒီ က ထုတ်ဖော်ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၂၅ ရက်တွင် စတင်ခဲ့သည့် အစ္စရေးခရီးစဉ်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ အတွက် ဒုတိယမြောက် အစ္စရေးခရီးစဉ်ဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု တို့သည် နှစ်နိုင်ငံ မဟာဗျူဟာမြောက်ဆက်ဆံရေးကို မြှင့်တင်ရေးအတွက် အဓိကထားဆွေးနွေး ခဲ့သည်။ ထို့ပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ သည် ဖေဖော်ဝါရီလ ၂၅ ရက်တွင် အစ္စရေးနက်ဆက်လွှတ်တော်၌ မိန့်ခွန်း ပြောကြားခဲ့ရာ အစ္စရေးလွှတ်တော်အမတ်များက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြကြောင်း RT သတင်းဌာနမှ သိရသည်။