“နိုင်ငံတော်ယာယီသမ္မတက သုမင်္ဂလာအဆင့်မြင့်ဈေးကို တက်ရောက်ဖွင့်လှစ်ပေးခဲ့”

28 Feb

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်ပါဝင်တဲ့ သုမင်္ဂလာအဆင့်မြင့်ဈေးကို ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ် ပေးခဲ့ပါတယ်။ နိုင်ငံတော်ယာယီသမ္မတက သုမင်္ဂလာအဆင့်မြင့်ဈေးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး သုမင်္ဂလာအဆင့်မြင့်ဈေး အဆောက်အဦအသစ်ကို ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်တဲ့ ဦးမြထွန်းဦး၊ ဦးမျိုးသန့်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်ဝန်ကြီး ဦးကျော်ဆန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ နိုင်ငံတော်ယာယီသမ္မတက သုမင်္ဂလာအဆင့်မြင့်ဈေးအတွင်း ဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှု၊ ကလေး ကစားကွင်းအတွင်း ကလေးငယ်များ ဆော့ကစားနေမှုနှင့် ရုပ်ရှင်ရုံတို့အတွင်းကြည့်ရှုပြီး တက်ရောက်လာကြသူများ ကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါတယ်။ သုမင်္ဂလာအဆင့်မြင့်ဈေးကို ပြင်ဦးလွင်မြို့၏ လူနေထူထပ်မှုများပြားလာမှု၊ အပန်းဖြေခရီးသွားများ များပြားလာမှုနှင့်ကိုက်ညီသည့် အဆင့်မြင့်ဈေးသစ်ကြီး ဖြစ်ပေါ်လာစေရန်၊ ခေတ်စနစ်နှင့်အညီ မြို့ပြဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ နိုင်ငံတကာနှင့်လိုက်လျောညီထွေမှုရှိတဲ့ RC အဆင့်မြင့်ဈေးသစ်ကြီး ဖြစ်ပေါ်လာစေရန်၊ ဒေသ ထွက်ကုန် အခြေခံကုန်ပစ္စည်းများကို တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်း ရောင်းဝယ်ဖောက်ကားရရှိလာ စေရန်၊ တောင်ပေါ်မြေပြန့်ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်ကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဈေးသစ်ကြီးကို RC အမျိုးအစား ၆ ထပ် အဆောက်အဦ တည်ဆောက်ထားပြီး ဈေးဝယ်သူများ အဆင်ပြေစွာ သွားလာနိုင်စေရန် စက်လှေကား ၁၂ စင်း၊ ဓာတ်လှေကား ၆ စင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်၊ လုံခြုံရေးစနစ်၊ မီးဘေးအန္တရာယ်ကာကွယ်မှုစနစ်နှင့် သဘာဝဘေးဒဏ်ခံနိုင်မှု စနစ်များ ကို စနစ်တကျထည့်သွင်း တည်ဆောက်ထားကာ ဈေးကြီးအတွင်း Branded ဆိုင်များ၊ Promotion Area၊ Cart Shop Area၊ Bank Area များ၊ Super Market တစ်ခု၊ မီနီမတ်ဆိုင်များ၊ စတိုးဆိုင်များ၊ အဝတ်အထည်နှင့် အလှကုန်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ စားသောက်ဆိုင်များ၊ အားကစားကွင်းတစ်ခုနှင့် ရုပ်ရှင်ရုံများနှင့် ယာဉ်ရပ်နားရန်နေရာများကို စနစ်တကျ ထည့်သွင်းတည်ဆောက်ထားပါတယ်။ (NVS 004)

28 Feb

ADVERTISE HERE .