“စက်မှုဇုန်များအတွက် တစ်ယူနစ် ၉၀၀ ကျပ်နဲ့ ၂၄ နာရီ ဓာတ်အားပေးမည်”

28 Feb

စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များအတွက် တစ်ယူနစ် ၉၀၀ ကျပ်ဖြင့် ၂၄ နာရီ ဓာတ်အားပေးမည် ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဥပဒေပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပုဒ်မ ၄၁ နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လျှပ်စစ်ဓာတ်အားခနှုန်းထားများကို အမိန့်ကြော်ငြာစာအမှတ် (၈၉/၂၀၂၆)နဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ချက်အရ သဘာဝဓာတ်ငွေ့ရည်သုံး(Liquefied Natural Gas - LNG) ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းနဲ့ပေးပို့နိုင်တဲ့ စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များအတွင်းရှိ အိမ်သုံးမဟုတ်တဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲသူများကို ဓာတ်အားလိုင်းနှင့် စနစ်ပြတ်တောက်မှု(Line Fault and System Breakdown) များမှအပ ဓာတ်အားဖြတ်တောက်မှု(Load Shed) မပြုလုပ်ဘဲ ၂၄ နာရီ သီးခြားဓာတ်အား ပေးသွားမှာဖြစ်ပါတယ်။ သီးခြားဓာတ်အားပေးဝန်ဆောင်မှုအတွက် ပုံသေဓာတ်အားခနှုန်းကို တစ်ယူနစ်လျှင် ၉၀၀ ကျပ် သတ်မှတ်ကောက်ခံသွားမယ်လို့ ကြေညာထားပါတယ်။ ဒါ့အပြင် စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန် ပြင်ပရှိ စက်မှုနှင့်စီးပွားရေးလုပ်ငန်းများမှလည်း တစ်ယူနစ်လျှင် ၉၀၀ ကျပ်ပေးဆောင်၍ ၂၄ နာရီ ဓာတ်အားရယူလိုပါက ဝန်ကြီးဌာနသို့တင်ပြလျှင် စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ လက်ရှိဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ဓာတ်အားလိုင်းသယ်ဆောင်နိုင်မှုအပေါ် မူတည်၍ ပုံမှန်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသော အများပြည်သူနှင့် စက်မှု/စီးပွားရေးလုပ်ငန်းများအတွက် လက်ရှိကောက်ခံလျက်ရှိတဲ့ ဓာတ်အားခနှုန်းထားများကို ပြင်ဆင်ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်ကောက်ခံသွားမှာဖြစ်ပါတယ်။ အိမ်သုံးနှင့် အိမ်သုံးမဟုတ်သည့် ဓာတ်အားသုံးစွဲသူများအတွက် လက်ရှိသတ်မှတ်နှုန်းထားများကိုလည်း မပြောင်းလဲသေးကြောင်း၊ သို့သော် ဓာတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးနိုင်မှုမလုံလောက်ပါက ဓာတ်အား ဖြတ်တောက်မှု(Load Shed) ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထားပါတယ်။ ယခု လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင် သတ်မှတ်ချက်သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004 )

28 Feb

ADVERTISE HERE .