မက္ကဆီကို မူးယစ်ဂိုဏ်း၏ လက်စားချေလှုပ်ရှားမှုကြောင့် လုံခြုံရေးဝန်ထမ်း ၂၇ ဦး သေဆုံး

25 Feb

ဂျလစ်စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်းခေါင်းဆောင်သည် စစ်တပ်၏ ဖမ်းဆီးလှုပ်ရှားမှုအတွင်း သေဆုံးခဲ့ ပြီးနောက် ယင်းမူးယစ်ဂိုဏ်းသည် ဒေသအများအပြားတွင် လက်စားချေတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် လုံခြုံရေးဝန်ထမ်း ၂၇ ဦး သေဆုံးခဲ့ရကြောင်း မက္ကဆီကို လုံခြုံရေးဝန်ကြီး Omar Garcia Harfuch က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ တရားဥပဒေစိုးမိုးရေးဌာနများကို ပစ်မှတ်ထားသော တိုက်ခိုက်မှုစုစုပေါင်း ၂၇ မှုကို အစိုးရက မှတ်တမ်းတင် ခဲ့ကြောင်း၊ ယင်းအနက် ဂျလစ်စကိုပြည်နယ်တွင် တိုက်ခိုက်မှု ၆ မှုဖြစ်ပွားခဲ့ပြီး အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၅ ဦး၊ အကျဉ်းထောင်စောင့် ၁ ဦးနှင့် ပြည်နယ်ရှေ့နေချုပ်ရုံးဝန်ထမ်း ၁ ဦး သေဆုံးခဲ့ရကြောင်း Harfuch က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ သက်ဆိုင်ရာပဋိပက္ခအတွင်း ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင် စုစုပေါင်း ၃၀ ဦးသေဆုံးခဲ့ကြောင်း၊ မက္ကဆီကို ဖက်ဒရယ် အစိုးရသည် ဂျလစ်စကိုပြည်နယ်သို့ လုံခြုံရေးအင်အား တိုးမြှင့်စေလွှတ်ခဲ့ပြီး အခြေအနေကိုရင်ဆိုင်တုံ့ပြန်ရန် နိုင်ငံတော်အဆင့် ကွပ်ကဲညှိနှိုင်းရေးစင်တာ ထူထောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဂျလစ်စကို မျိုးဆက်သစ်သည် မက္ကဆီကိုနိုင်ငံတွင် အဓိက မူးယစ်ဆေးဝါးရောင်းချသည့် ဂိုဏ်းများအနက် တစ်ခုဖြစ်သည်။ ယင်းဂိုဏ်းခေါင်းဆောင် Nemesio Oseguera Cervantes သည် ဖေဖော်ဝါရီလ ၂၂ ရက်တွင် မက္ကဆီကိုစစ်တပ်၏ ဖမ်းဆီးလှုပ်ရှားမှုအတွင်း သေဆုံးခဲ့ရာ ယင်းနောက် ဂျလစ်စကိုပြည်နယ်နှင့် ၎င်းအိမ်နီးချင်း ပြည်နယ်များတွင် အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ မူးယစ်ဆေးဝါးရောင်းချသည့် ဂိုဏ်းအဖွဲ့ဝင်များက မော်တော်ကားများ မီးရှို့ခြင်း၊ လမ်းများပိတ်ဆို့ခြင်း၊ စီးပွားရေးအဆောက်အအုံများ မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။ အချို့သော ပြည်နယ် များက ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကျောင်းပိတ်ကြောင်း ကြေညာခဲ့သည်။ အဓိကရုဏ်းများကို ကိုင်တွယ်ဖြေရှင်းရန် စီစဉ်ထားသော လမ်းအတားအဆီးများကို ထိုနေ့တွင် ယေဘုယျ အားဖြင့် ဖယ်ရှားခဲ့ပြီး ပြည်တွင်းအခြေအနေများသည် ပြန်လည်ငြိမ်သက်သွားခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ သမ္မတ Sheinbaum Pardo က ဖေဖော်ဝါရီလ ၂၃ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

25 Feb

ADVERTISE HERE .