အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးတွင် ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေး အမှုကြားနာပွဲကျင်းပ

25 Feb

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး(ICC) တွင် ဖေဖော်ဝါရီလ ၂၃ ရက်က ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေး အမှုနှင့်စပ်လျဉ်း၍ ကြားနာပွဲကျင်းပခဲ့သည်။ ကြားနာမှုတွင် အစိုးရရှေ့နေ၊ ဒူတာတေး ၏ ရှေ့နေနှင့် အခြားသော သက်ဆိုင်ရာဥပဒေကိုယ်စားလှယ်များက ခုံရုံးထံသို့ ထွက်ဆိုလျှောက်လဲမှုများ လုပ်ဆောင်ခဲ့သည်။ ဒူတာတေး ကိုယ်တိုင်ကမူ ခုံရုံးသို့ လာရောက်ခြင်းမရှိပေ။ လုပ်ငန်းစဉ်အရ ကြားနာမှုကို ၄ ရက်ဆက်တိုက် ပြုလုပ်မည်ဖြစ်သည်။ ICC က ဒူတာတေး သည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်သည်ဟု စွဲချက်တင်ထားသည်။ ခုံရုံးသည် ကြားနာမှုအကြောင်းအရာအရ ဒူတာတေး အနေဖြင့် စွဲဆိုခံထားရသောပြစ်မှုအား ကျူးလွန်ခဲ့သည်ကို အပြည့်အဝယုံကြည်သင့်၊ မသင့် အတည်ပြု သွားမည်ဖြစ်သည်။ စွဲဆိုချက်များသည် အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း အတည်ပြုခြင်းခံရပါက ယင်းအမှုသည် တရားဝင်စီရင်သည့်အဆင့်သို့ ဝင်ရောက်သွားမည်ဖြစ်သည်။ သာမန်အားဖြင့် ကြားနာမှုပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ခုံရုံးက စွဲဆိုချက်အား အတည်ပြုခြင်း ရှိ၊ မရှိ ဟူသည့် ဆုံးဖြတ်ချက်ကို လုပ်ဆောင်သွားမည်ဖြစ်သည်။ ဒူတာတေး သည် ၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက်တွင် ပြည်ပမှပြန်လာ၍ ဖိလစ်ပိုင်နိုင်ငံ မနီလာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ရဲများ၏ဖမ်းဆီးမှုခံခဲ့ရပြီး သက်ဆိုင်ရာဘက်က ၎င်းထံ ICC ဖမ်းဝရမ်းထုတ်ပြခဲ့သည်။ ဒူတာတေး လိုက်ပါလာသော လေယာဉ်သည် ၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်တွင် နယ်သာလန် နိုင်ငံ သည်ဟိတ်မြို့သို့ ရောက်ရှိလာခဲ့ပြီး ဒူတာတေး သည် ၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်တွင် ဗီဒီယိုဆက်သွယ်မှုမှ တစ်ဆင့် ICC တွင် ကျင်းပသော ပထမဆုံးကြားနာမှုကို တက်ရောက်ခဲ့သည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ICC က ကျန်းမာရေးအကြောင်းပြချက်ဖြင့် ဒူတာတေး အား ယာယီ လွှတ်ပေးရန် ရှေ့နေ၏လျှောက်ထားချက်ကို ပယ်ချခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ICC က ဒူတာတေး ၏ ကျန်းမာရေးအခြေအနေသည် စီရင်မှုမလုပ်ဆောင်မီ ကြားနာမှုအားတက်ရောက်ရန် သင့်လျော်သည်ဟု အတည်ပြု သတ်မှတ်ခဲ့သည်။ ဒူတာတေး သည် ဖိလစ်ပိုင်နိုင်ငံ Davao မြို့တော်ဝန်နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတအဖြစ် တာဝန်ထမ်းဆောင် စဉ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုများ စတင်လုပ်ဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ICC က ဒူတာတေး ဦးဆောင်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုသည် လူ့အခွင့်အရေးချိုးဖောက်ခြင်းရှိ၊ မရှိ အခြေအနေနှင့်စပ်လျဉ်း၍ ကနဦးစုံစမ်းစစ်ဆေးမှု လုပ်ဆောင်မည်ဟု ဖိလစ်ပိုင်အစိုးရထံ အကြောင်းကြားခဲ့သည်။ ဖိလစ်ပိုင်သည် ၂၀၁၉ ခုနှစ်တွင် ICC မှ တရားဝင်နုတ်ထွက်ခဲ့သည်။ (Repost from Xinhua Myanmar)

25 Feb

ADVERTISE HERE .