အီရန်အား တိုက်ခိုက်မှုလုပ်ဆောင်ဖွယ်ရှိခြင်း၏ အန္တရာယ်ကို အမေရိကန်စစ်ဗိုလ်ချုပ်ကြီး သတိပေး

25 Feb

စစ်လက်နက်ပစ္စည်းနှင့် မဟာမိတ်နိုင်ငံများ၏ ထောက်ခံမှုလျော့နည်းနေခြင်းကြောင့် အီရန်အပေါ် လုပ်ဆောင်နိုင်ခြေရှိသည့် တိုက်ခိုက်မှုမှာ အမေရိကန်တပ်ဖွဲ့ဝင်များအတွက် အန္တရာယ်ပိုမိုကြီးမားသည့် သဘော သက်ရောက်ကြောင်း အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဒန်ကိန်း က သတိပေးခဲ့သည်ဟု အမေရိကန် မီဒီယာ အများအပြားက ဖေဖော်ဝါရီလ ၂၃ ရက်၌ ဖော်ပြခဲ့သည်။ အမေရိကန်အနေဖြင့် အစ္စရေးအား ဆက်လက်အကာအကွယ်ပေးနေရခြင်းနှင့် ယူကရိန်းအား ထောက်ပံ့ နေရခြင်းတို့ကြောင့် အမေရိကန်၏ လက်ကျန်စစ်လက်နက်ပစ္စည်းပမာဏမှာ သိသိသာသာ လျော့နည်းလာသည့် အတွက် အီရန်အား အကြီးစားစစ်ဆင်ရေး လုပ်ဆောင်မှုမှန်သမျှသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်သည်ဟု လွန်ခဲ့သောသီတင်းပတ်ကပြုလုပ်သည့် အိမ်ဖြူတော်အစည်းအဝေး၌ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ၎င်း၏ ထိပ်တန်း လက်ထောက်များအား ကိန်း က သတိပေးပြောကြားခဲ့ကြောင်း အဆိုပါဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိထားသည့် သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။ အီရန်အား ပစ်မှတ်ထားသည့် စစ်ရေးတိုက်ခိုက်မှုများ၏ အတိုင်းအဆနှင့် ခက်ခဲရှုပ်ထွေးမှု၊ အမေရိကန်ဘက်မှ ထိခိုက်ကျဆုံးမှု ဖြစ်ပေါ်နိုင်ခြေတို့နှင့်စပ်လျဉ်း၍ ယခုလအစောပိုင်းက ပင်တဂွန်၌ပြုလုပ်သည့် အစည်းအဝေးများ တွင်လည်း ကိန်း က ၎င်း၏စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကား၍ ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။ ထို့ပြင် အီရန်အား စစ်ရေးအရတိုက်ခိုက်မှုမှာ အချိန်ကြာမြင့်သည့် စစ်ရေးပဋိပက္ခတစ်ခုဆီသို့ ဦးတည်စေနိုင် ကြောင်းလည်း ကိန်း က သတိပေးခဲ့သည်ဟု Axios သတင်းဌာနက ဖေဖော်ဝါရီလ ၂၃ ရက်၌ ဖော်ပြခဲ့သည်။ သမ္မတ၏ ထိပ်တန်းစစ်ဘက်ရေးရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌအနေဖြင့် စစ်ရေးအရ ရွေးချယ်စရာ နည်းလမ်းအမျိုးမျိုးကိုသာမက အရန်အဖြစ်ထည့်သွင်းစဉ်းစားရမည့် အချက်များနှင့် နောက်ဆက်တွဲအကျိုးဆက်များ၊ အန္တရာယ်များကိုလည်း အမေရိကန်၏ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်သည့် အရပ်ဘက်ခေါင်းဆောင်များအား တင်ပြခဲ့သည်ဟု ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သမ္မတထရမ့်က ထိုအရေးကိစ္စနှင့်ပတ်သက်သည့် ထင်မြင်ချက်အမျိုးမျိုးကို နားထောင်ခဲ့သော်လည်း မိမိတို့ နိုင်ငံနှင့် အမျိုးသားလုံခြုံရေးအတွက် အသင့်လျော်ဆုံးဖြစ်မည့် နည်းလမ်းကိုအခြေခံ၍ အပြီးသတ်ဆုံးဖြတ် သွားမည်ဟု အိမ်ဖြူတော်ပြောခွင့်ရအမျိုးသမီး အန်နာ ကယ်လီ က ဆိုသည်။ အမေရိကန်-အီရန် ဆွေးနွေးပွဲအသစ်ကို ဂျီနီဗာမြို့တွင် ဖေဖော်ဝါရီလ ၂၆ ရက်၌ကျင်းပရန် စီစဉ်ထားကာ ယူရေနီယမ်သန့်စင်သည့် ပမာဏနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ရေးအပါအဝင် အီရန်၏ နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ အဓိကဦးတည်ဆွေးနွေးသွားမည်ဟု ယူဆရသည်။ လေ့လာသုံးသပ်သူအများအပြားက လာမည့် အမေရိကန်-အီရန် ဆွေးနွေးပွဲမှာ အီရန်အား အမေရိကန်နှင့် အစ္စရေးတို့ ပူးတွဲလုပ်ဆောင်ဖွယ်ရှိသော စစ်ဆင်ရေးမတိုင်မီ သံတမန်ရေးအရ နောက်ဆုံးအခွင့်အလမ်း ဖြစ်ဖွယ် ရှိသည်ဟု သုံးသပ်ထားသည်။ ထရမ့်အစိုးရသည် အရှေ့အလယ်ပိုင်းဒေသ၌ စစ်အင်အားအလုံးအရင်း ဖြန့်ကြက်လျက်ရှိသလို အီရန်အား အကန့်အသတ်ဖြင့် စစ်ရေးအရ တိုက်ခိုက်မှုလုပ်ဆောင်ရန် စဉ်းစားနေသည်ဟု ထရမ့် က ဖေဖော်ဝါရီလ ၂၀ ရက်၌ ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

25 Feb

ADVERTISE HERE .