“ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြောက်မည်”

25 Feb

ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်မည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း က ဖေဖော်ဝါရီလ ၂၄ ရက် နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်တို့ရှိ နယ်မြေခံတပ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်တွေ့ဆုံစဉ် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး မတ်လ အတွင်း တတိယအကြိမ်လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများကျင်းပရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြှောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကျင်းပပြီးခဲ့သည့်ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော် ရာခိုင်နှုန်းအားဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ ရှေ့မှောက်တွင် ဆောင်ရွက်နိုင်ခဲ့ပြီး မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှု မရှိဘဲ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ (NVS-004)

25 Feb

ADVERTISE HERE .