“မြင်းမဒါန်းတောင်ကြိုးပြင်ကာကွယ်တော သတ်မှတ်”

25 Feb

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၂၀၁၈ ခုနှစ်တွင်ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့် များကိုကျင့်သုံးလျက် ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်ရှိ ဧရိယာအကျယ်အဝန်း ၇၂,၇၃၀ ဧကရှိသော နယ်မြေကို မြင်းမဒါန်းတောင် ကြိုးပြင်ကာကွယ်တောအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၉/၂ဝ၂၆)အရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှစ၍ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ ရေမြေထိန်းသိမ်းကာကွယ်ရန်၊ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးများထိန်းသိမ်းကာကွယ်ရန်၊ ရခိုင်ပြည်နယ်အတွင်းရှိသဘာဝတောကျန်များအား ထိန်းသိမ်းခြင်းကြောင့် သစ်တောဖုံးလွှမ်းမှုတိုးတက်စေရန်၊ သစ်တောဖုံးလွှမ်းလျက်ရှိသည့် မြေလွတ်မြေရိုင်းများအား ထိန်းသိမ်းကာကွယ်ရန်နှင့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်ကာ ကြိုးပြင် ကာကွယ်တောများ သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ပါတယ်။ အဆိုပါ ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အမြဲစိမ်းတောနှင့် ရွက်ပြတ်ရောနှောတောအမျိုးအစား ဖြစ်တဲ့ ပျဉ်းကတိုး၊ သင်္ကန်း၊ ကညင်၊ ကညောင်း၊ စံကားဝါ၊ သင်္ဂဒူ၊ တောင်ပိန္နဲ၊ တောင်သရက်၊ သပြေ၊ ကြက်ရိုး၊ မျောက်ငို၊ ဘင်္ဂ၊ စစ် စသည့် ဒေသသစ်မျိုးများနှင့် ကရင်ဝါး၊ မဒေးဝါး၊ တရဂူဝါးများအပြင် နဘက်ကြိမ်၊ ကြက်ဥကြိမ် များအား ထိန်းသိမ်းပြုစုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြောင်၊ ဆတ်၊ ချေ၊ တောင်ဆိတ်၊ တောဝက်၊ ဝက်ဝံ၊ ကျားသစ်၊ တောကြောင်၊ စပါးကြီးမြွေ၊ မျောက်၊ မျောက်လွှဲကျော်၊ ကုန်းလိပ်၊ ရခိုင်တောင်လိပ်စသည့် ရှားပါးတောရိုင်းတိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသများ ကို ထိန်းသိမ်းကာကွယ်နိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှုလျော့နည်းစေခြင်းနှင့် မြေအောက်ရေထိန်းသိမ်းရေးလုပ်ငန်း များအတွက် အထောက်အကူဖြစ်စေခြင်း၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်စေနိုင်ခြင်း၊ သစ်တောဖုံး လွှမ်းမှုတိုးတက်လာပြီး ရာသီဥတုပိုမိုတိုးတက်ကောင်းမွန် မျှတလာနိုင်စေခြင်းစတဲ့ အကျိုးကျေးဇူးများရရှိနိုင်မှာ ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရပါတယ်။ (NVS-004)

25 Feb

ADVERTISE HERE .