“ဆားပြင် (တိုးချဲ့) ကြိုးပြင်ကာကွယ်တော သတ်မှတ်”

24 Feb

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၏ ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ (၆) ၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့် များကိုကျင့်သုံးလျက် ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် တောင်ကုတ်မြို့နယ်ရှိ ဧရိယာအကျယ်အဝန်း ၁၀၅,၈၁၅ ဧကရှိသော နယ်မြေကို ဆားပြင်(တိုးချဲ့) ကြိုးပြင်ကာကွယ်တောအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၆) အရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှစ၍ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ရေမြေထိန်းသိမ်းကာကွယ်ရန်၊ သဘာဝ ဝန်းကျင်နှင့် ဇီဝမျိုးများထိန်းသိမ်းကာကွယ်ရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝတောကျန်များအား ထိန်းသိမ်းခြင်း ကြောင့် သစ်တောဖုံးလွှမ်းမှုတိုးတက်စေရန်၊ သစ်တောဖုံးလွှမ်းလျက်ရှိသည့် မြေလွတ်မြေရိုင်းများအား ထိန်းသိမ်း ကာကွယ်ရန်နှင့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်ကာ ကြိုးပြင်ကာကွယ် တောများ သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ပါတယ်။ ဆားပြင်(တိုးချဲ့) ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အမြဲစိမ်းတောနှင့်ရွက်ပြတ် ရောနှောတော အမျိုးအစားဖြစ်တဲ့ ပျဉ်းကတိုး၊ သင်္ကန်း၊ ကညင်၊ ကညောင်း၊ စံကားဝါ၊ သင်္ဂဒူ၊ တောင်ပိန္နဲ၊ တောင်သရက်၊ သပြေ၊ ကြက်ရိုး၊ မျောက်ငို၊ ဘင်္ဂ၊ စစ် စသည့် ဒေသသစ်မျိုးများနှင့် ကရင်ဝါး၊ မဒေးဝါး၊ တရဂူဝါးများအပြင် နဘက်ကြိမ်၊ ကြက်ဥကြိမ်များအား ထိန်းသိမ်းပြုစုနိုင်မည်ဖြစ်ခြင်း၊ ပြောင်၊ ဆတ်၊ ချေ၊ တောင်ဆိတ်၊ တောဝက်၊ ဝက်ဝံ၊ ကျားသစ်၊ တောကြောင်၊ စပါးကြီးမြွေ၊ မျောက်၊ မျောက်လွှဲကျော်၊ ကုန်းလိပ်၊ ရခိုင်တောင်လိပ် စသည့် ရှားပါးတောရိုင်း တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသများကို ထိန်းသိမ်းကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေဆီလွှာတိုက်စားမှု လျော့နည်းစေခြင်းနှင့် မြေအောက်ရေထိန်းသိမ်းရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေခြင်း၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်စေနိုင်ခြင်း၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး ရာသီဥတုပိုမိုတိုးတက်ကောင်းမွန် မျှတလာနိုင်စေခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိနိုင်မှာ ဖြစ် ကြောင်း သိရပါတယ်။ (NVS-004)

24 Feb

ADVERTISE HERE .