ရန်ကုန်မြို့လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်နိုင်သော အခြေအနေတွင်ရှိ
24 Feb
ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုက ကျန်းမာရေးထိခိုက်နိုင်တဲ့အခြေအနေမှာ ရောက်ရှိနေကြောင်း World Air Quality Index(AQI)က ဖော်ပြထားပြီး လက်ရှိမှာ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုက အဆင့်(၁၁)၊ ညွှန်းကိန်းအဆင့် (၁၆၄) မှာ ရှိနေကြောင်း သိရပါတယ်။ နိုင်ငံတကာလေထုအရည်အသွေး ညွှန်းကိန်း(Air Quality Index - AQI) အဆင့်အရ ညွှန်းကိန်းအဆင့် (၁၅၁ မှ ၂၀၀)ကြားမှာ ကျန်းမာရေးကောင်းမွန်ခြင်းမရှိတဲ့ အခြေအနေဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမူ လေထုအတွင်း အမှုန်အမွှားပါဝင်မှုနှုန်း PM 2.5 က လေထုတွင်း နေ့စဉ်ပါဝင်မှု ၂၅ မိုက်ခရိုဂရမ်/ကုဗမီတာ ကျော်လျှင် အန္တရာယ်ရှိကြောင်းထုတ်ပြန်ထားပါတယ်။ လေထုညစ်ညမ်းမှုကြောင့် အသက်ရှူကြပ်ခြင်း၊ မျက်စိစပ်ခြင်း၊ အသားအရည်ခြောက်သွေ့ခြင်း၊ ခေါင်းကိုက် ခြင်း၊ စိတ်ဖိစီးခြင်း၊ လည်ချောင်းစပ်ခြင်း၊ အဆုတ်ထိခိုက်ခြင်းနှင့် မောပန်းလွယ်ခြင်း စသည့် ကျန်းမာရေးပြဿနာ များကို ရင်ဆိုင်ရနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်သူများက အသိပေးထားကြောင်း သိရပါတယ်။(NVS 004)