မန္တလေးတိုင်းဒေသကြီးအတွင်း ဘဏ္ဍာနှစ် ၉ နှစ်တွင် လယ်ယာသုံးစက်ကိရိယာဝယ်ယူရန် ကျပ်သန်း ၂၃,၀၀၀ ကျော်ထုတ်ချေးထား

24 Feb

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများကို လယ်ယာသုံးစက်ကိရိယာများဝယ်ယူနိုင်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်ကာ လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ၉ နှစ်တာအတွင်း စိုက်ပျိုးစရိတ်နှစ်ဆင့်ချေးငွေဖြင့် ငွေကျပ်သန်းပေါင်း ၂၃,၀၀၀ ကျော် ထုတ်ချေးပေးထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရပါတယ်။ ထိုကဲ့သို့ ချေးငွေထုတ်ချေးပေးခြင်းက လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲနိုင်စေရန်၊ လုပ်ငန်းခွင်အတွင်း လျင်မြန်ချောမွေ့စွာ လုပ်ကိုင်နိုင်စေရန်နှင့် လယ်ယာလုပ်သားရှားပါးလာမှု ပြဿနာများကို ဖြေရှင်းနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ချေးငွေများကို လယ်ထွန်စက်ကြီးများ၊ ရိတ်သိမ်းခြွေလှေ့စက်များနှင့် အခြားလယ်ယာသုံးစက်ကိရိယာများ ဝယ်ယူအသုံးပြုနိုင်ရန် ထုတ်ချေးပေးခြင်းဖြစ်ပြီး တောင်သူများလိုအပ်တဲ့ စက်အမျိုးအစားအလိုက် ဝယ်ယူနိုင်စေရန် လယ်ယာသုံးစက်ကိရိယာရောင်းချသည့် ကုမ္ပဏီများနှင့်ချိတ်ဆက်ကာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ် ဘဏ်ခွဲများမှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် စိုက်ပျိုးစရိတ်နှစ်ဆင့်ချေးငွေဖြင့် လယ်ယာသုံးစက်ကိရိယာ ဝယ်ယူလိုသော တောင်သူများအနေနဲ့ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီရမည်ဖြစ်ပြီး လိုအပ်သော စာရွက်စာတမ်းများနှင့် ထောက်ခံချက်များကို ပြည့်စုံစွာတင်ပြ၍ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ဘဏ်ခွဲများသို့ သွားရောက်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။(NVS 004)

24 Feb

ADVERTISE HERE .