ထရမ့် ၏ ဆေးရုံသင်္ဘောစေလွှတ်မည့် အဆိုပြုချက်အား ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ အစိုးရဝန်ကြီးချုပ် ငြင်းပယ်
23 Feb
ဂရင်းလန်းကျွန်းအနေဖြင့် အမေရိကန်သမ္မတ ထရမ့် က အဆိုပါကျွန်းသို့ စေလွှတ်မည့် ဆေးရုံသင်္ဘော တစ်စင်းအား လက်ခံရန်ဆန္ဒမရှိဟု ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအစိုးရ ဝန်ကြီးချုပ် Jens-Frederik Nielsen က ဖေဖော်ဝါရီလ ၂၂ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ ဒီနေရာရဲ့အဖြေကတော့ မလိုပါဘူး၊ ကျေးဇူးတင်ပါတယ် ဟု Jens-Frederik Nielsen က ထိုနေ့တွင် Facebook ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းနေပြည်သူများသည် အခမဲ့ဆေးကုသမှုကို ခံစားခွင့် ရှိကြောင်း၊ ယင်းစနစ်သည် ဒေသတွင်းလူမှုအသိုက်အဝန်း၏ အခြေခံဖွဲ့စည်းပုံ အစိတ်အပိုင်းဖြစ်ကြောင်း၊ ဒါက အမေရိကန်နဲ့ မတူပါဘူး၊ အမေရိကန်မှာ ဆရာဝန်ပြရင် ငွေကုန်ကျရပါတယ်ဟု ၎င်းက ဆိုသည်။ ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရသည် အမေရိကန်အပေါ် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုသဘောထားကို လက်ကိုင်ထားကြောင်း၊ သို့သော် အမေရိကန်ဘက်က လူမှုမီဒီယာပေါ်မှာ ပေ့ါပြက်ပြက် သဘောဆောင်တဲ့မှတ်ချက်တွေ ထုတ်ဖော်ပြောကြားနေမယ့်အစား ကျွန်တော်တို့နဲ့ အရင်ချိတ်ဆက်ဆွေးနွေးဖို့ မျှော်လင့်ကြောင်း Jens-Frederik Nielsen က တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် လေးစားမှုကို ရှေ့တန်းတင်ထားသင့်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ ထရမ့် က ဂရင်းလန်းကျွန်း၌ ဂရုစိုက်ပြုစုခြင်း မခံရတဲ့လူတွေကို ပြုစုစောင့်ရှောက်ပေးဖို့အတွက် ဂရင်းလန်းကျွန်းသို့ ဆေးရုံသင်္ဘောတစ်စင်း စေလွှတ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၁ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းသည် ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်ပြီး ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေလည်း ဖြစ်သည်။ ထိုကျွန်းတွင် အလွန်မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကာ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးကိစ္စရပ်များကို ဒိန်းမတ်အစိုးရက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသည်။ ထိုမတိုင်မီ ထရမ့် က အမျိုးသားလုံခြုံရေးဟူသော အကြောင်း ပြချက်ဖြင့် ဂရင်းလန်းကျွန်းအား ရယူမည်ဟု အကြိမ်များစွာ ကြုံးဝါးပြောဆိုခဲ့သည်။ (Repost from Xinhua Myanmar)