တစ်ကမ္ဘာလုံးအပေါ် စည်းကြပ်ခွန်နှုန်းထားအသစ်ကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ ထရမ့် တိုးမြှင့်
23 Feb
အမေရိကန်တရားရုံးချုပ်၏ အကြီးအကျယ်အထိနာစေသော ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကမ္ဘာတစ်ဝန်းမှ နိုင်ငံအားလုံးအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း သတ်မှတ် ကြောင်း ကြေညာခဲ့ပြီးတစ်ရက်အကြာ ဖေဖော်ဝါရီလ ၂၁ ရက်၌ ကမ္ဘာ့နိုင်ငံအားလုံးအပေါ် စည်းကြပ်ခွန်နှုန်းထား အသစ်ကို ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “အမေရိကန်သမ္မတတစ်ယောက်အနေနဲ့ ကမ္ဘာတစ်ဝန်းမှ နိုင်ငံအားလုံးအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းကို အပြည့်အဝခွင့်ပြုထားပြီး ဥပဒေကြောင်းအရ ဆန်းစစ်ထားပြီးသားနှုန်းထားဖြစ်တဲ့ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့် သွားမှာဖြစ်ပြီး အဲဒီထဲက နိုင်ငံအများအပြားဟာ ကျွန်တော်တာဝန်မယူခင်အချိန်အထိ အမေရိကန်အပေါ် ဆယ်စုနှစ်များစွာ အမြတ်ထုတ်နေခဲ့ပြီး ဒဏ်ခတ်မခံခဲ့ရတဲ့ နိုင်ငံတွေဖြစ်တယ်။ အခုလို စည်းကြပ်ခွန်တိုးမြှင့်မှုဟာ ချက်ချင်းအသက်ဝင်လာပါလိမ့်မယ်” ဟု ထရမ့် က ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဆိုရှယ်မီဒီယာပို့စ်တစ်ခု၌ ရေးသား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့် လာမည့်လအနည်းငယ်အတွင်း ဥပဒေကြောင်းအရ လက်ခံနိုင်လောက်သည့် စည်းကြပ်ခွန်နှုန်းထားအသစ်များကို အတည်ပြုဆုံးဖြတ်၍ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်ကို တဖန်ပြန်၍ ကြီးမြတ်စေမည့်၊ ယခင်ထက်ပို၍ပင် ကြီးမြတ်စေမည့် အလွန်အောင်မြင်သည့်လုပ်ငန်းစဉ်ကို ဆက်လက် ဖော်ဆောင်မည်ဖြစ်ကြောင်း ထရမ့် က ဆိုသည်။ နိုင်ငံတကာအရေးပေါ်စီးပွားရေးဆိုင်ရာ လုပ်ပိုင်ခွင့်အက်ဥပဒေအရ ထရမ့် ၏ စည်းကြပ်ခွန်မူဝါဒမှာ ဥပဒေနှင့် လျော်ညီခြင်းမရှိဟု အမေရိကန်တရားရုံးချုပ်က ဆန္ဒမဲ ၆ မဲ၊ ၃ မဲဖြင့် ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းတွင် မဲခွဲ ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အပေါ် အမျက်ဒေါသထွက်နေသည့် ထရမ့် က နာရီပိုင်းအကြာတွင် နိုင်ငံအားလုံးမှ တင်သွင်းသည့် သွင်းကုန်များအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းသတ်မှတ်သည့် အမိန့်ကြေညာချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့သည်။ (Repost from Xinhua Myanmar)