ဆံတော်ရှင်မော်တင်စွန်း ဘုရားပွဲတော်လာ ပြည်သူများအတွက် ရှပ်ပြေးယာဉ်များဖြင့် ဝန်ဆောင်မှုပေး
22 Feb
ဆံတော်ရှင်မော်တင်စွန်းစေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၁၆ ရက်မှ မတ်လ ၂ ရက်(တပေါင်းလပြည့်နေ့)အထိ ကျင်းပလျက်ရှိရာ ပွဲတော်လာပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ပုသိမ်ဆိပ်ကမ်းမှ ရှပ်ပြေးအမြန်ယာဉ်များဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ပုသိမ်ကနေ မော်တင်စွန်းကို ရှပ်ပြေးယာဉ် ရှစ်စင်းခန့် နေ့စဉ်ညနေပိုင်းတွင် ပြေးဆွဲပေးလျက်ရှိပြီး စိတ်အေးချမ်းစွာ ဘုရားဖူးနိုင်တဲ့အပြင် ပင်လယ်ကမ်းခြေမှာလည်း အပန်းဖြေလည်ပတ်နိုင်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက စနစ်တကျကြပ်မတ်ပေးလျက်ရှိပါတယ်။ ရှပ်ပြေးယာဉ်များကို ရိုးရိုး၊ လေပန်ကာနှင့် အဲယားကွန်းအခန်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး ပုသိမ်ဆိပ်ကမ်းမှ ညနေ ၆ နာရီတွင် ထွက်ခွာပြီး နံနက် ၁ နာရီခွဲတွင် ခမောက်မော်ဆိပ်ကမ်းသို့ ဆိုက်ကပ် ပေးလျက်ရှိပါတယ်။ ခရီးသွားများအနေဖြင့် ဆံတော်ရှင်မော်တင်စွန်းစေတီတော်သို့ လာရောက်ဖူးမြော်ပြီး ငွေတောင်၊ ခမောက်မော်၊ ဟိုင်းကြီးကျွန်း၊ ဇီးချိုင်ကျေးရွာနှင့် ကျောက်ကလပ်ကမ်းခြေတို့တွင် အပန်းဖြေလည်ပတ်နိုင်မှာ ဖြစ်ပါတယ်။(NVS 004)