အီရန်က နျူကလီးယားသဘောတူညီချက် မူကြမ်းကို မကြာမီတင်ပြမည်
22 Febအီရန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ချုပ်ဆိုနိုင်မည့် နျူကလီးယားသဘောတူညီချက် မူကြမ်းကို လာမည့်ရက်ပိုင်းအတွင်း တင်ပြရန်ပြင်ဆင်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်အာရက်ခီ က ဖေဖော်ဝါရီလ ၂၁ ရက်တွင်ပြောထားသည်။ အဆိုပါ သဘောတူညီချက်မူကြမ်းသည် လာမည့်နှစ်ရက် သို့မဟုတ် သုံးရက်အတွင်း အဆင်သင့်ဖြစ်မည် ဖြစ်ပြီး အထက်အကြီးအကဲများ၏ အတည်ပြုချက်ရရှိပါက အမေရိကန်အထူးကိုယ်စားလှယ် စတိဝစ်ကော့ ထံသို့ ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ဂျီနီဗာမြို့၌ပြုလုပ်သော တစ်ဆင့်ခံဆွေးနွေးမှုများအပြီးတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်နိုင်ငံအနေဖြင့် ၁၀ ရက်မှ ၁၅ ရက် အတွင်း သဘောတူညီချက်တစ်ရပ်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့မဖြစ်လာပါက ဆိုးရွားသောအကျိုး ဆက်များနှင့် ရင်ဆိုင်ရမည်ဟု သတိပေးထားချိန်တွင် အီရန်အစိုးရ၏ ယခုလှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ အီရန်အနေဖြင့် ယူရေနီယံသန့်စင်မှုကို လုံးဝရပ်ဆိုင်းရန် ကမ်းလှမ်းထားခြင်းမရှိသကဲ့သို့ အမေရိကန် ဘက်ကလည်း ထိုသို့တောင်းဆိုထားခြင်းမရှိကြောင်း အာရက်ခီ ကပြောသည်။