အမေရိကန် ဗဟိုဘဏ်အရာရှိများက ငွေကြေးမူဝါဒဦးတည်ချက်အပေါ် သဘောထားကွဲလွဲမှုများ သိသိသာသာရှိနေ

20 Feb

အမေရိကန်ဗဟိုဘဏ် ဖက်ဒရယ်ပွင့်လင်းဈေးကွက်ကော်မတီ(FOMC)အဖွဲ့ဝင် အားလုံးနီးပါးက ယခုအကြိမ် အစည်းအဝေးတွင် အခြေခံအတိုးနှုန်းကို မပြောင်းလဲဘဲထိန်းထားရန် ထောက်ခံကြသော်လည်း ကော်မတီအတွင်း၌ ငွေကြေးမူဝါဒ အနာဂတ်ဦးတည်ချက်နှင့်ပတ်သက်၍ သိသိသာသာကွဲလွဲမှုများ ရှိနေကြောင်း အမေရိကန်ဗဟိုဘဏ် ဘုတ်အဖွဲ့(FRB)က ဖေဖော်ဝါရီလ ၁၈ ရက်တွင်ထုတ်ပြန်သည့် ဇန်နဝါရီလ ငွေကြေးမူဝါဒအစည်းအဝေးမှတ်တမ်း တွင် ဖော်ပြထားသည်။ ဇန်နဝါရီလ ၂၈ ရက်တွင်ပြီးဆုံးသည့် အမေရိကန်ဗဟိုဘဏ် ငွေကြေးမူဝါဒအစည်းအဝေးတွင် FOMC အဖွဲ့ဝင် ၁၀ ဦးက အတိုးနှုန်းထားမပြောင်းလဲရန် ထောက်ခံခဲ့ပြီး အဖွဲ့ဝင် ၂ ဦးက အတိုးနှုန်းကို ၂၅ အခြေခံပွိုင့်(BPS) လျှော့ချရန် အဆိုပြုခဲ့ကြသည်။ အကယ်၍ ငွေကြေးဖောင်းပွမှုသည် မျှော်မှန်းထားသကဲ့သို့ ပြန်လည်လျော့ကျလာမည်ဆိုလျှင် အတိုးနှုန်း ထပ်မံလျှော့ချခြင်းက သင့်တော်သည်ဟု အစည်းအဝေးတက်ရောက်သည့် အရာရှိတချို့က ယူဆကြကြောင်း အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။ အစည်းအဝေးတက်ရောက်သည့် အရာရှိအချို့ကမူ FOMC ၏ နောက်ဆုံးရအချက်အလက်များအပေါ် ဆန်းစစ်သုံးသပ်မှုအရ အချိန်အတိုင်းအတာတစ်ခုအတွင်း အတိုးနှုန်းမပြောင်းလဲဘဲ ထိန်းထားခြင်းက သင့်လျော်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အစည်းအဝေးတက်ရောက်သည့် အရာရှိအချို့က ငွေကြေးဖောင်းပွမှုက ရည်မှန်းချက် အဆင့်ထက် မြင့်မားနေဆဲဖြစ်ပါက အတိုးနှုန်းမြှင့်တင်နိုင်သည်ကို ထင်ဟပ်ဖော်ပြရန်အတွက် အတိုးနှုန်း ရှေ့လုပ်ငန်းစဉ်လမ်းညွှန်ချက်တွင်း နှစ်ဘက်အနေဖြင့်ဟူသော ဖော်ပြချက်ကိုသုံးနှုန်းရန် ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ငွေကြေးဖောင်းပွမှုသည် ၂ ရာခိုင်နှုန်းရည်မှန်းချက်သို့ ပြန်လည်ကျဆင်းသည့်ဖြစ်စဉ်မှာ အများခန့်မှန်း ထားသည်ထက် ပို၍နှေးကွေးပြီး ပို၍ဟန်ချက်မညီမှုဖြစ်နိုင်ကြောင်း အစည်းအဝေးတက်ရောက်သူအများစုက သတိပေးခဲ့သည်။ အမေရိကန်ဗဟိုဘဏ်၏ နောက်ထပ်တစ်ကြိမ် ငွေကြေးမူဝါဒဆိုင်ရာအစည်းအဝေးကို မတ်လ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

20 Feb

ADVERTISE HERE .