နျူကလီးယားအရေး ဆက်လက်ဆွေးနွေးနေချိန် အမေရိကန်၏ တိုးမြှင့်ဖိအားပေးမှုများအကြား အီရန်နှင့် ရုရှားတို့က နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်

20 Feb

ဒေသတွင်းတင်းမာမှုများ အရှိန်မြင့်တက်နေခိုက် အီရန်အနေဖြင့် အမေရိကန်နှင့် နျူကလီးယားဆိုင်ရာ သဘောတူညီချက်ရရှိရေးအတွက် ကြိုးပမ်းနေချိန် ရုရှားနှင့် အီရန်အစိုးရတို့သည် အထူးသဖြင့် နျူကလီးယား စွမ်းအင်နှင့် စစ်ရေးလှုပ်ရှားမှုများအပါအဝင် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်လုပ်ဆောင် လျက်ရှိသည်။ နှစ်နိုင်ငံအနေဖြင့် အီရန်၌ နျူကလီးယားဓာတ်အားပေးစက်ရုံ ယူနစ်အသစ်များ တည်ဆောက်ရန် စူးစမ်း လေ့လာလျက်ရှိကြောင်း ရုရှားစွမ်းအင်ဝန်ကြီး ဆာဂေး ဆီဗီလက်ဗ် က ဖေဖော်ဝါရီလ ၁၈ ရက်၌ ပြောကြားခဲ့သည်။ အီရန်စွမ်းအင်ဝန်ကြီး မိုဆင် ပက်ခ်နီဂျက် နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဆီဗီလက်ဗ် က ရုရှားအနေဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရေးအတွက် အီရန်နှင့် အလေးအနက် ပူးပေါင်းဆောင်ရွက်နေသည်ဟု အလေးထားပြောဆိုခဲ့သည်။ “ကျွန်တော်တို့ ဘူရှာ နျူကလီးယား ဓာတ်အားပေးစက်ရုံရဲ့ ဒုတိယနဲ့တတိယမြောက် ဓာတ်ပေါင်းဖို ယူနစ်တွေကို ဆက်လက်တည်ဆောက်နေပြီး အခုဆိုရင် စွမ်းအားမြင့်နဲ့ စွမ်းအားနိမ့်ယူနစ်တွေ ထပ်ပြီး တည်ဆောက်မယ့် နည်းလမ်းတွေအတွက်လည်း ဆွေးနွေးနေပါတယ်” ဟု ဆီဗီလက်ဗ် က ဆိုသည်။ “နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့တစ်ဖွဲ့က အတည်ပြုချက်ရယူဖို့ အဆိုပြုချက်တွေကို သုံးလအတွင်း တင်သွင်းသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ ရုရှားနိုင်ငံသည် ၁၉၉၅ ခုနှစ်တွင် စက်ရုံတည်ဆောက်ရေး သဘောတူစာချုပ်၌ လက်မှတ်ရေးထိုးပြီးချိန်မှစ၍ အီရန်တောင်ပိုင်းကမ်းခြေရှိ ဘူရှာစက်ရုံ တည်ဆောက်လည်ပတ်ရာတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ထိုစက်ရုံမှ အမျိုးသား မဟာဓာတ်အားလိုင်းသို့ ဓာတ်အားပို့လွှတ်ခြင်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်မူ အီရန်နှင့် ရုရှားတို့က ဘူရှာစက်ရုံတွင် ဓာတ်ပေါင်းဖိုနှစ်လုံး ထပ်မံတည်ဆောက်ရန် သဘောတူညီခဲ့ကြပြီး ယင်းသဘောတူညီချက်၌ အခြားနေရာများတွင်လည်း ယူနစ် ၆ ခု ထပ်မံတည်ဆောက်ခွင့် ပါဝင်ကြောင်းသိရသည်။ မကြာသေးမီကာလဖြစ်သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလကလည်း နှစ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ အရှေ့တောင်ပိုင်း တွင် နျူကလီးယားဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ တန်ကြေး ရှိသည့် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြသည်။ အီရန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် ဘက်စုံမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရေးကို အလေးအနက်ထားလျက်ရှိကာ ရုရှားနှင့်ဆက်ဆံရေးမှာလည်း “ခေတ်သစ်” သို့ ရောက်ရှိနေပြီဟု ဆီဗီလက်ဗ် နှင့်တွေ့ဆုံစဉ် အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် က ပြောကြားခဲ့သည်။ အီရန်အစိုးရအနေဖြင့် သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေး၊ စားသောက်ကုန်၊ ကာကွယ်ရေးနှင့် လုံခြုံရေး စသည့်နယ်ပယ်များတွင် သဘောတူညီချက်များကို အကောင်အထည်ဖော်ရေးအတွက် အလျင်အမြန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့ကာ ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့၏ တစ်ဖက်သတ်မူဝါဒများကိုလည်း ပြစ်တင်ဝေဖန်ခဲ့သည်။ ထို့အတူ အီရန်နှင့် ရုရှားရေတပ်တို့သည် အိုမန်ပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင် ဖေဖော်ဝါရီလ ၁၉ ရက်၌ ပူးတွဲစစ်ရေးလေ့ကျင့်ရန် စီစဉ်ထားသည်ဟု အီရန်မီဒီယာက ဖေဖော်ဝါရီလ ၁၈ ရက်၌ ဖော်ပြခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုများမှာ ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် ပူးတွဲစစ်ရေးလှုပ်ရှားမှုများကို ပိုမိုအားဖြည့်လုပ်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဟတ်ဆန် မာဆုလူး က ပြောကြားခဲ့သည်။ ထိုစစ်ရေးလေ့ကျင့်မှုတွင်ပါဝင်မည့် ရုရှားရေတပ်၏ တပ်မှူးဖြစ်သူ အလက်ဆီ ဆာဂိဗ် က နှစ်ဖက်ဆက်ဆံရေးမှာ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးဖြစ်သည်ဟု ညွှန်းဆိုခဲ့ကာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပင်လယ်ရေကြောင်းနှင့် ကမ်းရိုးတန်းဆိုင်ရာ စိန်ခေါ်မှုအများအပြားကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူ ဖြစ်စေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ အမေရိကန်နှင့် အီရန်တို့ကြား တင်းမာမှုများ အရှိန်မြင့်တက်နေချိန်တွင် ယခုအခြေအနေများ ဖြစ်ပေါ်လာခြင်း လည်းဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိနှင့်ပြီးဖြစ်သည့် အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဘရာဟမ်လင်ကွန်းနှင့် ယင်း၏အစောင့်လိုက် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောများကို ထပ်မံအားဖြည့်သည့်အနေဖြင့် ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ် ဂျရယ်လ် အာရ်ဖို့ဒ်အား ယင်းဒေသသို့ တပ်ဖြန့်စေလွှတ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က လွန်ခဲ့သော သီတင်းပတ်တွင် ကြေညာခဲ့သည်။ ဂျရယ်လ် အာရ်ဖို့ဒ်နှင့် ယင်း၏ အစောင့်လိုက်စစ်သင်္ဘောများသည် ကာရေဘီယံဒေသမှ ထွက်ခွာကာ ပါရှန်ပင်လယ်ကွေ့ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ရာ လတ်တလောတွင် အတ္တလန္တိတ်သမုဒ္ဒရာ အလယ်ပိုင်းသို့ ရောက်ရှိနေပြီဟု သိရသည်။ (Repost from Xinhua Myanmar)

20 Feb

ADVERTISE HERE .