ဥရောပသမဂ္ဂက ဇင်ဘာဘွေအပေါ် ပိတ်ဆို့အရေးယူမှုများ တစ်စိတ်တစ်ပိုင်း ဖယ်ရှား
19 Feb
ဇင်ဘာဘွေနိုင်ငံ၏ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအပေါ် ခရီးသွားလာခွင့်ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုပိတ်ဆို့ အရေးယူခြင်းများကို ဥရောပသမဂ္ဂအနေဖြင့် ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း၊ သို့သော် တစ်ချိန်တည်းတွင်ပင် လက်နက် သယ်ယူပို့ဆောင်ခွင့် ပိတ်ပင်ခြင်းကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးလိုက်သည်ဟု ကြေညာကြောင်း ဇင်ဘာဘွေ နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့က ဖေဖော်ဝါရီလ ၁၈ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြား ခဲ့သည်။ ဇင်ဘာဘွေအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်အစီအမံများကို နှစ်ပတ်လည် စိစစ်သုံးသပ်မှုများ ပြုလုပ် ပြီးနောက် ခရီးသွားလာခွင့်ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုပိတ်ဆို့ခြင်းဟူသော အကြောင်းအရာများကို ဖယ်ရှားရန် ဥရောသမဂ္ဂအနေဖြင့် ဆုံးဖြတ်လိုက်ကြောင်း၊ သို့သော် တစ်ချိန်တည်းတွင်ပင် ဇင်ဘာဘွေအပေါ် လက်နက်သယ်ယူ ပို့ဆောင်ခွင့် ပိတ်ပင်ချက်ကိုမူ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်အထိ သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ တရားဝင်ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။ ကိုလိုနီသမိုင်းနောက်ခံ အကြောင်းရင်းများကြောင့် ဇင်ဘာဘွေရှိ မြေယာအများစုမှာ ဒေသခံလူဖြူ လယ်ယာရှင်များ၏ လက်ထဲတွင်သာ အစဉ်သဖြင့်ရှိခဲ့ဖူးသည်။ ၂၀၀၀ ပြည့်နှစ်တွင် ဇင်ဘာဘွေအစိုးရ မြေယာပြုပြင် ပြောင်းလဲမှုများကို စတင်လုပ်ဆောင်ပြီး လူဖြူလယ်ယာရှင်များ၏ မြေယာများကို နိုင်ငံပိုင်အဖြစ် သိမ်းယူပြီး မြေယာမဲ့လူမည်းများကို ခွဲဝေပေးခဲ့သည်။ ယင်းအစီအမံများကြောင့် အမေရိကန်၊ ဗြိတိန် စသည့် အနောက်နိုင်ငံ များက ဇင်ဘာဘွေအပေါ် နှစ်ပေါင်း ၂၀ ကျော်ကြာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ဖြစ်ပွားစေခဲ့သည်။ ဥရောပသမဂ္ဂက ၂၀၀၂ ခုနှစ်တွင် ဇင်ဘာဘွေအပေါ် ပိတ်ဆို့အရေးယူမှုများ စတင်ခဲ့ရာ ယင်းအစီအမံများတွင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများပေါ် ခရီးသွားလာခွင့်ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုပိတ်ဆို့ခြင်းနှင့် အဆိုပါနိုင်ငံအား လက်နက် သယ်ယူပို့ဆောင်မှုပိတ်ပင်ခြင်း စသည်တို့ ပါဝင်သည်။ (Repost from Xinhua Myanmar)