ချင်းတွင်းတံတား(ထမံသီ)ဖွင့်ပွဲသို့ နိုင်ငံတော်ယာယီသမ္မတ တက်ရောက်ချီးမြှင့်
17 Feb
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာအနီးတွင် တည်ဆောက်ပြီးစီးခဲ့သည့် ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းတွင်း ကျင်းပပြုလုပ်ရာ နိုင်ငံတာ်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။ ချင်းတွင်းတံတား(ထမံသီ)အား ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်ယာယီသမ္မတက ချင်းတွင်းတံတား(ထမံသီ) ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပါတယ်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတထံသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ချင်းတွင်းတံတား(ထမံသီ)ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်ခဲ့ကာ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။ ယခုဖွင့်လှစ်ခဲ့သည့် ချင်းတွင်းတံတား(ထမံသီ)က တံတားအရှည် ၂,၆၂၈ ပေရှိပြီး သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပါတယ်။ ရေလမ်းကင်းလွတ်အမြင့် ၄၀ ပေရှိကာ အဆိုပါတံတားကို တည်ဆောက်ဖွင့်လှစ် နိုင်ခဲ့ခြင်းဖြင့် ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသထွက်ကုန်များအား လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို များစွာအထောက်အကူဖြစ်လာစေမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)